[18]

3.3K 482 16
                                    

{Unicode}

ဥက္ကဌယန်က မိဘမဲ့တစ်ယောက်ပဲ

ထိုညစာသည် ယန်ရှောင်းနှင့်ယဲ့ဖေးတို့ကြားရှိ နှစ်ဦးတူသဘောစာချုပ်ပါ အချင်းချင်း၏ဘဝတွင် ဝင်ရောက်မစွက်ဖက်ရဟူသည့် စည်းမျဥ်းကိုချိုးဖျက်ခဲ့သည်။ သူတို့နှစ်ဦး၏ဆက်ဆံရေးကို ပိုပိုပြီး ရောယှက်လာစေခဲ့သော အကြောင်းခံတစ်ခုလည်းဖြစ်လာခဲ့၏။

သူတို့သည် အပြန်အလှန်အဆက်အသွယ်လုပ်ဖြစ်လာကြသည့်အပြင် ယဲ့ဖေးသည်လည်း သူ၏လူမှုဘဝအကြောင်း ယန်ရှောင်းကိုပြောပြရာ၌ ပို၍တက်ကြွလာခဲ့သည်။ ပိုအရေးကြီးသည်မှာ ကုရွေ့ကျား၏တိုက်တွန်းမှုကြောင့် အပြင်ထွက်ကစားဖြစ်သည့်အတိုင်း သူဘယ်သွားမည်ဆိုတာအား ယန်ရှောင်းကိုအသိပေးရန် သတိရမည်ဖြစ်သည်။

တစ်ချိန်တည်းတွင် မူပိုင်ခွင့်များကို တက်တက်ကြွကြွဝယ်ယူနေသော ထျန်းရှီအင်တာတိန်းမန့်ကြောင့် အသိုင်းအဝိုင်းတွင် အတော်လေးအုတ်အော်သောင်းတင်း ဖြစ်နေ၏။

ကုရွေ့ကျားမှလွဲ၍ မည်သူကမှ ယဲ့ဖေး၏ရည်ရွယ်ချက်အစစ်ကို မသိကြပေ။ သူတို့အားလုံးသည် သူက ကိုယ်ပိုင်အွန်လိုင်းဒရာမာကို ပြုလုပ်ချင်၍ မူပိုင်ခွင့်ဈေးကွက်ကို တစ်ဦးတည်းချုပ်ကိုင်လိုသည်ဟုသာ ထင်ခဲ့ကြသည်။ ယဲ့ဖေးသည် ဖျော်ဖြေရေးနယ်ပယ်တွင် သတင်းဆိုးဖြင့် စတင်ကျော်ကြားလာတော့သည်။ လူတွေ၏မျက်လုံးထဲတွင် ယဲ့ဖေးမှာ လူနုံလူအတစ်ဦးနှယ်ဖြစ်လာခဲ့၏။ မူပိုင်ခွင့်များတွင် တန်ဖိုးဟူ၍မရှိပေ၊ များစွာသောလူတို့သည် ယဲ့ဖေး မိုက်မိုက်မဲမဲဖြင့် ပြိုလဲပျက်စီးသွားမည်ကိုမြင်ရန် စောင့်စားနေကြလေသည်။

အထူးသဖြင့် ယဲ့ယောင်ပင်။

"ဒါဆို မင်း《ပြန်လမ်းမရှိ》ရဲ့ မူပိုင်ခွင့်ကို လွယ်လွယ်လက်လျှော့လိုက်တာလား?" လတ်တလောတွဲခုတ်နေသည့် အင်တာနက်ဆယ်လီတစ်ယောက်ကို ဖက်ထားလျက်ဖြင့် ယဲ့ယောင်ရုံးခန်း၏ဆို‌ဖာပေါ်တွင်ထိုင်နေသော ဝမ်ကျောက်က ယဲ့ယောင်ကိုမေးလိုက်သည်။

ဝမ်ကျောက်၏မိသားစုမှာ အလွန်အင်အားကြီးကာ သူသည်လည်း တစ်ဦးတည်းသောသားတစ်ယောက်ဖြစ်သည်။ စားသောက်ပျော်ပါးခြင်း၊ ပြည့်တန်ဆာလုပ်ငန်း၊ လောင်းကစားလုပ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းအစရှိသော အရာများအားလုံးနှင့် နေသားကျနေသူဖြစ်ပြီး သူမလုပ်ဖူးသောအရာဟူ၍မရှိပေ။ ထို့ကြောင့် ယဲ့ယောင်မှလွဲကာ အသိုင်းအဝိုင်းရှိမည်သူကမှ သူနှင်နီးကပ်လိုချင်စိတ်မရှိကြပေ။

ငါကွာရှင်းချင်တယ် [ဘာသာပြန်]Where stories live. Discover now