နာရီ

6 0 0
                                        

"နန်းရှေ့ပြင်ဆိုင်မှာမှ မျက်နှာဖုံးခွာချင်တယ်ဆိုတဲ့ ကြီးကြီးကျယ်ကျယ်လက်ပတ်နာရီတလုံးလည်း ရှိတယ်။ ငါ့အိပ်ကပ်ထဲမှာပေါ့။ အဲ့ဒီကောင် ငါစာမေးပွဲဖြေရမယ်ဆိုတဲ့နေ့ရဲ့ မနက် (၆)နာရီ (၁၅)မိနစ်လောက်မှာ သတိလစ်သွားတာ။ (၁၉)လမ်းပေါ်မှာ တန်းစီနေတဲ့မုန့်ဆိုင်တွေအနားက မဖြတ်သွားရမချင်း ကိုမာ(coma)ဝင်နေဦးမယ့်ပုံပဲ"

'နာရီများ၊ ဆန္ဒများ' ထဲမှာ အဲ့လို ထည့်ရေးဖူးတယ်။

•••••

နာရီဝတ်ရတာက အချစ်ဦးလို ခံစားချက်ပဲ။

ငါးတန်းလောက်မှာ စပြီး နာရီဝတ်ချင်လာတာ။
ငါးတန်းဆို လူကြီးတပိုင်းဖြစ်တာပဲ။ ကိရိယာအစုံပါတဲ့ ကွန်ပါဘူး ကိုင်ရမယ်။ ဘောပဲန်စကိုင်ရမယ်။ ကော်ရက်ရှင်ပဲန် ကိုင်ရမယ်။ ဒီလောက်ကြီးတဲ့ ပြောင်းလဲမှု ရှိပါဦးမလား။ အစ်ကိုဝမ်းကွဲကလည်း နာရီဝယ်ပေးမယ် ပြောခဲ့ဖူးသေးတယ်။

"နာရီ ဘာလို့ လိုအပ်တာလဲ" လို့ မေးတော့ "အချိန်ကို တိတိကျကျ သိရတယ်လေ" တဲ့။ အေးပေါ့ မဆန်းလှတဲ့အကြောင်းပြချက်ပေမဲ့ အဲ့စကားက ဆွဲဆောင်မှု ရှိခဲ့တာပဲ။

ကိုးတန်း၊ ဆယ်တန်းနဲ့ တက္ကသိုလ်အစအထိ နာရီတွေ ဝတ်ဖြစ်ခဲ့တယ်။ ခဏခဏ ပျက်လည်း ပျက်ခဲ့တယ်။ အဲဒီ ၂၀၁၇ နိုဝင်ဘာမှာပဲ သူငယ်ချင်းက မွေးနေ့လက်ဆောင်ဆိုပြီး နာရီပေးတယ်။ အဲ့ကတည်းက ဝတ်ခဲ့တာ ၂၀၁၉-၂၀ အထိပေါ့။

စာမေးပွဲဖြေမယ့်ရက်မှာမှ ရပ်သွားတာ။
ပြီးတော့ ကိုဗစ်ရာသီ စတယ်။
သိတဲ့အတိုင်းပဲ၊ ပွက်လောတွေညံကြတယ်။
ပြီးတော့ လုံးချာလည်လိုက်နေတဲ့နေ့ရက်တွေနဲ့ ဂျွမ်းပြန်နေတာ နှစ်တွေကြာတဲ့အထိ နာရီပြင်ဖို့ ဘယ်လိုမှ စိတ်ကူးမရခဲ့ဘူး။

ပြီးတော့ ၂၀၂၃ လောက်က စပြီး တဖြည်းဖြည်းနဲ့ လက်ပတ်တွေကို ကြိုက်တတ်လာတယ်။ ဒီနာရီကို မပြင်ရသေးမချင်း နောက်နာရီကို စိတ်မကူးဘူး လို့ စိတ်ထဲမှာ အလိုလျောက် ဆုံးဖြတ်မိခဲ့တာလည်း ပါတယ်။ လက်ပတ်တွေပဲ ဆက်တိုက်မျိုးစုံပြောင်းဝတ်ဖြစ်ခဲ့တယ်။ လက်ပတ်လက်ဆောင်တွေလည်း ရခဲ့တယ်။

•••••

ခုရက်ထဲ အပြင်ထွက်လိုက်တော့ အလယ်တန်းစာမေးပွဲဖြေပြီးစ နွေရာသီကို တွေ့ရတယ်။ နေရာက ဒီနေရာဆိုပေမဲ့ မတူညီတဲ့၊ ရင်းနှီးခဲ့ဖူးတဲ့ ဒိုင်မန်းရှင်းတခုက ဝင်တိုးတိုက်ပြီး နယ်ချဲ့နေသလို ခံစားချက်ပဲ။ မိုးရွာချလိုက်တဲ့နောက်မနက်မှာလည်း ရွာထဲလမ်းမတွေမှာ လျှောက်နေရသလို ထင်ယောင်ထင်မှားဖြစ်စေတယ်။ အပင်ကြီးတွေရယ်။ တိတ်ဆိတ်နေတဲ့ဝန်းကျင်ရယ်၊ ကျီးအော်သံနည်းနည်းရယ်။ ဒီလမ်းတွေမှာပဲ မိုးရာသီကို အကြိမ်ကြိမ်ဖြတ်ခဲ့ဖူးတာတောင် ခုရက်ပိုင်း တလျှောက်တည်းလျှောက်ရင်း တခြားနေရာရောက်နေတယ်။

ခြေထောက်တွေက အမြဲတမ်း ရှေ့ဆက်သွားနေရပေမဲ့၊ စိတ်နဲ့မှတ်ဉာဏ်က အမြဲတမ်း နောက်ကိုပြန်ပြေးနေတယ်။ အတိတ်ကာလကို ပြန်ပြန်ရှာမိနေတယ်။

•••••

"နန်းရှေ့ပြင်ဆိုင်မှာမှ မျက်နှာဖုံးခွာချင်တယ်ဆိုတဲ့ ကြီးကြီးကျယ်ကျယ်လက်ပတ်နာရီတလုံးလည်း ရှိတယ်။ ငါ့အိပ်ကပ်ထဲမှာပေါ့။ အဲ့ဒီကောင် ငါစာမေးပွဲဖြေရမယ်ဆိုတဲ့နေ့ရဲ့ မနက် (၆)နာရီ (၁၅)မိနစ်လောက်မှာ သတိလစ်သွားတာ။ (၁၉)လမ်းပေါ်မှာ တန်းစီနေတဲ့မုန့်ဆိုင်တွေအနားက မဖြတ်သွားရမချင်း ကိုမာ(coma)ဝင်နေဦးမယ့်ပုံပဲ"

'နာရီများ၊ ဆန္ဒများ' ထဲမှာ အဲ့လို ထည့်ရေးဖူးတယ်။
ခုတော့ ကိုမာမဝင်ခိုင်းတော့ပါဘူး။
ဓာတ်ခဲ လဲဖြစ်သွားပြီ။
ရန်ကုန်က ဈေးတခုရဲ့ ဆိုင်မှာပဲ။
နန်းရှေ့ကိုမှ 'အရင်လို' ပြန်မဖြတ်နိုင်တော့တာ။

•••••

31/10/2025

Poems & Essays CollectionWhere stories live. Discover now