[အပိုင်း ၁၇]
ကိုယ်တို့နှစ်ယောက်ကြားမှာ စည်းရှိတယ် စည်းမရှိဘူး။
စည်းကျော်သင့်တယ် စည်းမကျော်ရဘူး။
မင်းကိုကိုယ်ဆွဲထားသင့်တယ် နောက်ပြီး မင်းကိုကိုယ်..
မင်းကိုကိုယ် တခြားသူလက်ထဲ ထည့်ပေးရမယ်။X
အိမ်မက်ထဲမှာ စာရေးဆရာမက သူမကိုတစ်ခုခုပြောပြီး အဖြေတစ်ခုခုကို ပြန်မေးနေတယ်။ မီးခိုးရောင်ဖျော့ဖျော့ အနွေးထည်နဲ့ ဒူးလောက်စကတ်ကို ဝတ်ထားတဲ့သူလည်း အနားမှာရပ်နေတာကို သတိထားမိတယ်။ ဘယ်သူမှန်း သေချာမသိတော့။ Seung Wan သိတာ အဲ့အချိန်မှာ နှလုံးခုန်နှုန်း အရမ်းမြန်ပြီး ဘူတာမှာမရပ်နိုင်တော့တဲ့ ရထားလေးတစ်စင်းလို ဖြစ်နေတယ်ဆိုတာပဲ။
အိပ်မက်တွေကို Seung Wan မကြိုက်တာရှိတယ် ။ တစ်ခါတစ်လေ မက်တဲ့အိပ်မက်ကို ပြန်ပြောင်းတွေးပြီး အမှတ်ယူရတယ်ဆိုတာ၊ အိပ်မက်ထဲမှာ အရာရာက မသဲမကွဲဖြစ်နေတာ။ အိပ်မက်ကနိုးလာရင် လက်တွေ့မှာ နေရထိုင်ရခက်နေတာ။
အခုလည်း Seung Wan ညကမက်တဲ့ အိပ်မက်ကို အခုထိ ရင်တွေခုန်ပြီး ထိတ်လန့်နေတုန်း။ မတော်တဆ အိမ်ရှေ့မှာ ကားဟွန်းတီးသံများ ကြားရမလားဆိုတဲ့စိတ်နဲ့ ဂဏှာမငြိမ်ဖြစ်နေရတယ်။
"သမီး ဘာဖြစ်နေတာလဲ အိမ်ကိုဧည့်သည်လာစရာများရှိလို့လား "
ဧည့်ခန်းမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေတာကို မြင်ပါများလာတော့ ဖခင်ဖြစ်သူက မေးလေတော့သည်။ Seung Wan ဆံပင်အနောက်ဖက်တွေကို လက်နဲ့ ထိုးဖွရင်း ရယ်ကျဲကျဲလုပ်နေလိုက်တယ်။
"မရှိပါဘူး ဒီတိုင်းလမ်းလျှောက်နေတာပါ "
"သမီးကြည့်ရတာ ဂဏှာမငြိမ်ဘူးနော်"
"တကယ် ဘာမှမဟုတ်ပါဘူး"
ထပ်ပြီး လမ်းလျှောက်နေရင် ထပ်အပြောခံရနိုင်တာမို့ ကိုယ့်အခန်းထဲကိုပဲ Seung Wan ပြန်လာလိုက်ပြီး အိပ်ရာပေါ် ခြေပစ်လက်ပစ် လှဲချလိုက်ပြန်တယ်။
တကယ်တော့ တစ်ယောက်ယောက်ကို ရင်ထဲထည့်ပြီး အသက်ရှင်နေထိုင်ရတာ ပျော်ဖို့ကောင်းပါတယ်။ ပျော်ရသလောက်ကို နာကျင်ဝမ်းနည်းစရာတွေကလည်း ထပ်တူထပ်မျှရှိတယ်။