[အပိုင်း ၃၇]
ပျက်စီးပြီဆို စိတ်ရောကိုယ်။X
"နင်အခုချက်ချင်း အပေါ်တက်! အပြင်ထွက်ဖို့သေတောင်မစဉ်းစားနဲ့! "
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဘဲ အကြောက်လွန်နေတဲ့သူမကို လက်မောင်းကနေဆွဲပြီး မေမေကအပေါ်တက်ဖို့အော်လေသည်။ သို့ပေမယ့် ခြေထောက်တွေက မရွေ့ချင်။ မျက်နှာကိုဆံပင်နဲ့ကာရင်း နေရာကမလှုပ်မယှက်ဖြစ်နေတဲ့ Hyun တစ်ယောက်ကို သူမ စိတ်ပူသည်။ မေမေ့ဆီကရုန်းပြီး သူ့ဆီသွားဖို့ကျတော့လည်း.. သူမ အဲ့လောက်မစွန့်စားရဲ။ ကြောက်နေသေးသည်။
"Kang Seulgi! နင်ငါ့စကားကို နားမထောင်ဘူးလား "
မေမေ ဒီလောက်ဒေါသထွက်နေတာကို သူမ Seulgi မမြင်ဖူး။ လည်ပင်းကြောတွေထင်းပြီး မျက်နှာတစ်ခုလုံး ရဲတွတ်လာတဲ့အထိ မေမေ့ဒေါသက ပြင်းထန်နေပုံရသည်။ အော်လိုက်တဲ့စကားကလည်း သူမကိုငယ်ငယ်ကလို ရိုက်တော့မယ့်အသံလိုမျိုး။ ငယ်ငယ်က စာမလုပ်ဘဲအပြင်ထွက်ဆော့တဲ့အခါ၊ မရည်ရွယ်ဘဲ ရိုင်းမိတဲ့အခါ ကောင်းစေချင်တဲ့စိတ်နဲ့ ရိုက်နှက်ဆုံးမခဲ့သလိုပေါ့။
ဒါပေမယ့်အခုက အဲ့လိုမဟုတ်ဘူးလေ။
Hyun တစ်ယောက် ဆံပင်တွေကိုသပ်တင်ပြီး သူမကိုကြည့်လာတယ်။ ဖြူဖြူသန့်သန့်ပါးပြင်ပေါ်မှာ နီရဲတဲ့လက်ဖဝါးရာက နေရာယူထားပေမယ့် သူမကိုတော့ ပြုံးပြနေသေး။ သူ့မျက်ဝန်းတွေကိုလည်း နားမလည်၊ သူဘာတွေးနေလဲဆိုတာလည်း မစဉ်းစားတတ်။ သူမအနေနဲ့ အခုချိန်မှာ သူရှက်ပြီးဒေါသထွက်နေမှာကိုပဲ တွေးကြည့်လို့ရတယ်။
အမေနဲ့လိုက်သွားဖို့ကို အသံတိတ်ပြောသလိုမျိုး Hyun ကသူမကိုကြည့်နေတာမို့ Seulgi လှည့်ကြည့်လှည့်ကြည့်နဲ့ပဲ အပေါ်ထပ်ကိုပါသွားရတယ်။ အပေါ်ရောက်တာနဲ့ အမေကတံခါးကို ချက်ချင်းသော့ပြန်ခတ်ပြီး သူမကို ပေါက်ကွဲတော့တယ်။
"နင့်ကိုငါ ဒီလိုမျိုးမွေးထားတာလား Seulgi! ဒီလိုရွံစရာကောင်းတဲ့လူဖြစ်ဖို့ ငါသွန်သင်ဆုံးမထားလား!! "
ဘာမှပြန်မပြောဘဲ ခေါင်းငုံ့နေပေမယ့် စိတ်ထဲမှာတော့ ထုတ်ပြောချင်တာတွေရှိနေတယ်။ မိန်းမချင်းမကြိုက်ဖို့နဲ့ အဲ့ဒါကရွံစရာကောင်းတဲ့ ကိစ္စတစ်ခုဖြစ်ကြောင်း မေမေပြောပြနေခဲ့တာအမှန်ပေမယ့် တကယ်ကအဲ့လိုမှမဟုတ်တာ။