Episode - 39

3.3K 442 57
                                    

[အပိုင်း ၃၉]
ရင်နာစရာ အမှတ်တရတွေပါ။ ထားခဲ့ခံရတဲ့အခါ နူးညံ့တဲ့ခံစားချက်တွေက လောင်မြိုက်ပြီးကျန်ခဲ့တတ်တယ်။

X

လမ်းခွဲခြင်းလား ..။ မဟုတ်ဘူး ထားခဲ့ခံရတာ။ လမ်းခွဲတယ်ဆိုတာ သိသလောက်တော့ နှစ်ဦးသဘောတူပါ။ ထားခဲ့ခံရတယ်ဆိုတာကတော့ တစ်ယောက်တည်းကပဲ အတူတည်ဆောက်ထားတဲ့ ဆက်ဆံရေးတစ်ခုကို ဖြိုဖျက်လိုက်တာ။

ဒီလိုအချိန်တွေမျိုးကျ လက်ခုပ်ဆိုတာ တစ်ဖက်တည်းတီးလည်း မြည်တဲ့အကြောင်း ဘယ်သူမှမပြောပြခဲ့ကြဘူး။ ဘယ်သူမှလည်ပင်းညှစ်မထားပေမယ့် သေလောက်အောင် မွန်းကြပ်နေမယ်လို့ မတင်စားထားကြဘူး။

အန္တရာယ်ရှိတဲ့ကိစ္စတွေဟာ ရုတ်တရက်ဖြစ်တတ်တယ်တဲ့။ ဖောက်ပြန်တဲ့ရာသီဥတုလိုမျိုး လူရဲ့စိတ်ကို ကြိုခန့်မှန်းနိုင်တဲ့ခေတ်ရောက်ရင် သိပ်ကောင်းမယ်။

ဒါဆို မျက်လုံးတွေလည်း စပ်ဖျင်းနာကျင်နေမှာမဟုတ်။ ခေါင်းအုံးဟာလည်း စွတ်စိုနေမှာမဟုတ်။ ဖြဲထားတဲ့စာမျက်နှာတွေ ကြမ်းပြင်ပေါ်အမှိုက်ဖြစ်နေမှာမဟုတ်။

ဒီနေ့က သုံးရက်မြောက်ပဲ။ သူမငိုနေတာ သုံးရက်ဆက်တိုက်။ သူထွက်သွားတာလည်း သုံးရက်ဆက်တိုက်။ ထွက်သွားတယ်ဆိုတဲ့အခါ ကိုယ်ရောစိတ်ပါ ပြန်မဆုံကြေးဆိုပြီး ဟိုးအဝေးကြီးဆီ တိုးဝင်သွားသလို သူမ လိုက်လို့မမှီ၊ ဖမ်းလို့မမိ။

ဒေါသနဲ့ ဝမ်းနည်းမှုအပြင် အသည်းကွဲတယ်ဆိုတဲ့ ခံစားချက်ပါ ရင်ဘတ်ထဲနေရာယူနေတယ်။ အသည်းဟာ ဖန်ခွက်ကလေးလို ပြန်ဆက်မရအောင် ကျကွဲသွားတာတော့မဟုတ်။ ဒီလိုဆိုတိုင်း အကောင်းပြန်ဖြစ်သွားတာလည်း မဟုတ်ဘူး။

ဒီခံစားချက်ကြီးကနေ ကူညီဆွဲထုတ်ပေးကြပါဦးလို့ အကူအညီတောင်းချင်ပေမယ့် သူမ အသံထွက်မလာ။ ထပ်ခါထပ်ခါခေါ်နေပေမယ့် ဘယ်တော့မှမကိုင်တဲ့ဖုန်းကို ကျိန်ဆဲမှသာ အသံကျယ်ကျယ်ထွက်တော့တယ်။

"ညီမလေး ထမင်းစားရအောင် "

အခန်းတံခါးတွန်းဖွင့်ပြီး သူမကိုလာခေါ်တဲ့ အစ်ကိုဖြစ်သူကြောင့် ဘာမှပြန်မပြောဘဲ ထမင်းဝိုင်းမှာသွားထိုင်တယ်။ ဘယ်သူ့မျက်လုံးကိုမှ ဒီရက်ပိုင်းထဲ တည့်တည့်မကြည့်ဘူး။

PlayWhere stories live. Discover now