[အပိုင်း ၄၆]
လှစ်ဟထားတဲ့ ရင်ခွင်ကန္တာ။X
'Project အတွက် ချိန်းထားတာရှိလို့ သွားလိုက်ဦးမယ် ဖုန်းဆက်ရင်လာကြိုပေးပါ '
စားပွဲပေါ်တင်ထားခဲ့သည့် စာရွက်ခေါက်ကလေးကို Seulgi ယူဖတ်ပြီးသည့်နောက် နေရာမှာပဲ ပြန်တင်ထားလိုက်လေသည်။ စိတ်ထဲမှာတော့ Seung Wan တစ်ယောက် သူမကိုရှောင်နေပြီလားလို့ တွေးမိပေမယ့် လာကြိုဖို့ပြောထားပုံထောက်ရင် ထိုသို့ဖြစ်ဟန်မတူ။
မျက်နှာသစ်သွားတိုက်ပြီးတော့ မနက်စာသွားစားဖို့ စိတ်မပါတော့ဘဲ ခေါက်ဆွဲကိုသာ ရေနွေးစိမ်စားဖို့ ဆုံးဖြတ်လိုက်လေသည်။
မနေ့ညကအကြောင်း Seulgi မတွေးချင်ပါ။ သို့သော် ထိုကိစ္စသည် တကယ်ဖြစ်သွားခဲ့သည်။ Bae Joohyun ဆိုသည့်အမျိုးသမီးကို သူမ ပြန်တွေ့ခဲ့ပြီး ပြဿနာတွေပင် တက်ခဲ့သေးသည်။
ခုံမှာဝင်ထိုင်ရင်း အညိုရောင်ဆံပင်တွေကို အဝါရောင်ခေါင်းစည်းကြိုးနဲ့ စည်းနှောင်နေတုန်း သူ့ဆံပင်နက်နက်တွေကို မြင်ယောင်မိသည်။ ထိုအခါ ဣနြေ္ဒကြီးမားသည့် ထိုအမျိုးသမီးတစ်ယောက် မိုးရေထဲမှာ ကြွက်စုတ်ဖြစ်နေပုံကိုပါ ပြန်သတိရလာပြီး သတိလက်လွတ် ပြုံးမိသွားသေးသည်။
ဒါတော့မဟုတ်သေးဘူး။ သူမ ပြုံးမနေသင့်ဘူး။ သူ့ကိုမုန်းနေရမှာ။
Seulgi ခေါင်းခါလိုက်ပြီး အဆင်သင့်ဖြစ်နေတဲ့ ခေါက်ဆွဲကိုသာ အာရုံစိုက်လိုက်လေသည်။
* * *
အထပ်မြင့်အဆောက်အဦးကြီးအား Seung Wan ခဏခဏ မြင်ဖူးနေပြီဖြစ်သော်လည်း ဒီတစ်ခါ ထိုအရှေ့မှာရပ်နေခြင်းက အနည်းငယ်သိမ်ငယ်စေသည်။ စိတ်အတွင်းကဖြစ်စေ ပြင်ပအရာများကဖြစ်စေ ရှုံးနိမ့်သူတစ်ယောက်လို ခံစားရခြင်းက ကောင်းသောအရာမဟုတ်။
သို့သော် သူမ စိတ်ပိုင်းဖြတ်ခဲ့ပြီးပြီ။ Moonbyul ပြောခဲ့ဖူးသလို လူတိုင်းမှာနေရာကိုယ်စီရှိပြီး Seulgi ဖြစ်ဖြစ် စာရေးဆရာမ Irene ဖြစ်ဖြစ် သူမဆီမှာရှိရမယ့် လူတွေမဟုတ်ပါ။ နေစေချင်သည့်လူတွေဖြစ်ပေမယ့် နေမယ်ဆိုလျှင် ဝေဒနာသာပေးကမ်းနိုင်လောက်သည့် လူနှစ်ယောက်ဖြစ်သည်။