[အပိုင်း ၂]
'မင်းနဲ့ပါတ်သတ်ပြီး တခြားသူအတွက်အဖြေကိုရှာရင်း
ကိုယ့်မေးခွန်းတွေ ကျပျောက်ခဲ့တယ်
အဲ့နေရာမှာ ကြွေခဲ့တဲ့ပြာမှုန်ဟာ ကိုယ်ပါပဲ'X
တတိယမြောက်အတန်းချိန် ကုန်ဆုံးသွားပြီးတဲ့အခါ နောက်တစ်ချိန်အတန်းသင်မည့်ဆရာ မဝင်သေးတာမို့ သူမတို့တွေ အားလပ်နေတယ် ။ စာအုပ်တွေကိုသိမ်းရင်း ထုတ်သင့်တဲ့စာအုပ်ကိုထုတ်ပြီး လှန်လှောနေတုန်း ဘေးကနေ တစ်ယောက်ယောက်က လက်နဲ့လာတို့တယ်။
"Seulgi ဒီနေ့ အန်တီဘယ်အချိန်ပြန်လာမှာလဲ"
အတန်းတူ ဘေးချင်းကပ်ထိုင်ခုံက သူငယ်ချင်းဖြစ်သော Seung Wan မေးလာတဲ့အခါ သူမ မသိတဲ့သဘောဖြင့် ပခုံးနှစ်ဖက်ကိုတွန့်ပြပြီး ပြန်ဖြေလိုက်မိသည် ။
"မပြောတတ်ဘူး နောက်ကျမယ်ထင်တယ်"
"ငါတို့ အိမ်လိုက်လာလို့ရလား"
Seung Wan ရဲ့ ဘယ်ဘက်ခုံက Moonbyul ဆိုသော သူငယ်ချင်းနောက်တစ်ဦးကပါ Seulgi ကိုမေးလာသည်။ အကြောင်းအရင်းမသိပေမယ့် ယုံကြည်ရတဲ့အပြင် သူမနဲ့ အခင်ဆုံးသူငယ်ချင်းနှစ်ဦးမို့ ခေါင်းငြိမ့်ပြလိုက်မိသည် ။
"ငါသရဲကားယူလာတယ် နင့်အိမ်မှာကြည့်မယ်"
Moonbyul က သူ့လွယ်အိတ်ထဲမှ အခွေကိုထုတ်ပြီး Seulgi တို့ကိုပြသည်။ Seung Wan က သရဲကားကို ကြည့်ပင်ကြည့်နိုင်သူမဟုတ် ၊ သူမကတော့ ကြည့်သည် ။
"အောက်ထပ်အခန်းရှေ့မှာ ငါတို့တွေထိုင်စကားပြောလို့ ရသေးတယ်လေ မပြန်ခင်အဲ့လိုလုပ်ကြမလား"
အိမ်ချင်းက မနီးမဝေးအနေအထားမို့ တစ်ခါတစ်လေကျ သူတို့နှစ်ယောက်လုံး ညမိုးချုပ်အထိ သူမအိမ်မှာနေပြီး ရှစ်နာရီခွဲလောက်ဆို အောက်ဆင်းကာ ကောင်းကင်ကို ငေးမောပြီး ပြောချင်တာတွေပြောလေ့ရှိခဲ့ဖူးသည် ။ ဒါပေမယ့်အခု အောက်ထပ်မှာက အမျိုးသမီးတစ်ဦး ရောက်နေပြီဆိုတာ သူတို့ကိုအသိပေးရဦးမည် ။
"ငါတို့အောက်ထပ်မှာ လူသစ်ရောက်နေပြီ"
Seung Wan က စိတ်ဝင်စားသွားပြီး သူမအနားကို ခုံပိုတိုးကာထိုင်သလို Moonbyul ကလည်း မတ်တပ်ဖြင့် သူမအနား လာရပ်သည် ။