[အပိုင်း ၄၀]
တစ်ခါဆုံပြီး ဝေးကွာသွားတဲ့ ဝန်းထိမျဉ်းတွေလို..။X
"သေဆုံးသွားကြသူတွေရဲ့ စိတ်ဝိဉာဉ်အပိုင်းအစတွေဟာ ဒီမြေကြီးမှာ လှည့်လည်သွားလာနေကြပြီး ကံဆိုးသူလူသားတွေက အဲ့အပိုင်းအစတွေရဲ့ အကျိုးသက်ရောက်မှုကို ခံစားတတ်ကြရတယ်
ဒါကြောင့် လမ်းသွားနေရင်း ဝမ်းနည်းလာတာမျိုး ရယ်ချင်လာတာမျိုး... တစ်စုံတစ်ယောက်ကို တမ်းတလွမ်းဆွတ်တာမျိုးတွေဖြစ်ပြီး.... "
စာဖတ်နေရင်း ငြိမ်သက်သွားတဲ့ ပတ်ဝန်းကျင်အနေအထားကြောင့် Seulgi မျက်နှာရှေ့ကစာအုပ်ကို ဘေးဖယ်လိုက်ပြီး ပေါင်ပေါ်ခေါင်းတင်လှဲနေတဲ့ အမျိုးသမီးကို ငုံ့ကြည့်လိုက်တယ်။
ဖြည်းဖြည်းမှန်မှန် အသက်ရှူသံတွေနဲ့ မျက်ဝန်းတွေကိုမှိတ်စက်ပြီး သူအိပ်ပျော်သွားသည်ထင်။ နေပျောက်ထိုးတဲ့ သစ်ပင်ရိပ်အောက်ကခုံတန်းမှာ သူမပေါင်ကိုခေါင်းအုံးရင်း အေးအေးချမ်းချမ်းအိပ်စက်သွားတဲ့ ထိုအမျိုးသမီးကိုကြည့်ပြီး Seulgi ပြုံးလိုက်မိတယ်။
စာအုပ်ကိုအသံထွက်ဖတ်ပြဖို့ သူပဲတောင်းဆိုပြီး အခုကျသူပဲအိပ်နေ။ တတ်လည်းတတ်နိုင်တဲ့သူ။ လွယ်အိတ်ထဲကနေဖုန်းထုတ်ပြီး ဓာတ်ပုံရိုက်ထားရလောက်အောင် သူမကိုအသည်းယားစေတာမို့ Seulgi လက်မနှေးတော့ဘဲ ပုံတစ်ပုံရိုက်လိုက်လေသည်။
Wallpaper ထားဖို့စဉ်းစားမိပေမယ့် လုပ်လို့မဖြစ်။ မတော်တဆ တစ်ယောက်ယောက်တွေ့သွားရင် ပြဿနာတွေတက်ကုန်မှာ သေချာတယ်။
ရှည်လျားနက်မှောင်တဲ့ မျက်တောင်စင်းစင်းတွေကို လက်နဲ့ထိကြည့်ချင်သော်ငြား Seulgi မလုပ်ရဲ။ ကြည်လင်နေတဲ့ ပါးပြင်အရေပြားအောက်က အကြောစိမ်းစိမ်းလေးတွေ။ နောက်သူ့အမှတ်သညာဖြစ်တဲ့ မျက်ခုံးထောင့်က မှဲ့နက်ကလေး။
လှတယ်..။ ဒီလူဆိုးမကြီးဟာ အသက်ငယ်တဲ့ သူမကိုတောင် အားမနာဘဲ ရက်ရက်စက်စက် လှနိုင်လွန်းတယ်။
"မတရားဘူး မ Irene "
တိုးတိုးရေရွတ်ပြီး Seulgi လက်တစ်ဖက်ကို လေထဲမြှောက်ရင်း ငြိမ်ငြိမ်လေးအလုပ်ပေးလိုက်တယ်။
![](https://img.wattpad.com/cover/193305034-288-k173488.jpg)