[အပိုင်း ၄]
'မျက်တောင်တစ်ခတ် လျှပ်တစ်ပြက်လောက်လေးတော့ မင်းစိတ်နဲ့ကိုယ် အနည်းငယ်နီးစပ်ခဲ့ပါလားလို့ စိတ်ကူးထဲ ထင်ယောင်ထင်မှားတွေဖြစ်ခဲ့ရ'X
ကော်ဖီဆိုင်ငယ်ထဲ ခပ်လေးလေးပင်ပင် သီချင်းတစ်ပုဒ် လွင့်မျောလျက်ရှိပြီး ပိတ်ရက်ဆိုပေမယ့် လူပြည့်မနေတဲ့ စားပွဲနဲ့ထိုင်ခုံတွေရှိသည် ။ စားပွဲထိုးသုံးဦးက ကောင်တာနဲ့ နီးစပ်ရာစားပွဲဝိုင်းမှာစုထိုင်ပြီး ရောက်တက်ရာရာတစ်ချို့ ပြောနေပုံပေါ်ကာ တစ်ချက်တစ်ချက် စားပွဲဝိုင်းတွေကို လိုက်ကြည့်လေ့ရှိသည် ။
ရာသီဥတုက နေသာပေမယ့် တိမ်တစ်ချို့အုံ့ဆိုင်းလျက်မို့ အနည်းငယ်တော့ လွမ်းဖွယ်ဆွတ်ဖွယ်အခြေအနေဘက် မြှားဦးလှည့်နေသယောင် ။
ညက စာသေချာကျက်ထားပြီးပြီမို့ ဒီနေ့မနက်မှာ သူမ ကော်ဖီဆိုင်ကို စိတ်အေးလက်အေးလာနိုင်ခြင်းဖြစ်သည်။ Seung Wan တို့ကိုဖုန်းဆက်ပြီး တွေ့ဖို့ချိန်းထားပေမယ့် တစ်နာရီလောက်စောကာ ကြိုသွားနေချင်စိတ်ကိုတားမရ။
ပြတင်းပေါက်နားမထိုင်ဘဲ ထောင့်ဆုံးခုံမှာနေရာယူသည်။ ဤကနေဆိုလျှင် ဆိုင်ထဲဝင်လာသမျှလူအကုန်လုံးကို လှမ်းမြင်ရတဲ့အပြင် စားပွဲတွေအကုန်လုံးကိုပါမြင်ရသည်။
အခါးမသောက်နိုင်တဲ့ သူမအနေဖြင့် bubble tea ကို အချိုပိုသည့်အရသာမျိုးမှာပြီး ကျောပိုးအိတ်ထဲကနေ ပုံဆွဲစာအုပ်၊ ခဲတံနဲ့ ခဲဖျက်ကိုထုတ်ကာ လွန်ခဲ့တဲ့ရက်ကမှ ဝင်းထဲခဏလေးတွေ့လိုက်ရသည့် ကြောင်လေးနှစ်ကောင် ပုံရိပ်ကိုဆွဲချဖို့ပြင်သည် ။
မီးခိုးရောင်လေးတစ်ကောင် အဖြူလေးတစ်ကောင်ဖြစ်ပြီး တော်တော်ငယ်ကြဦးမည့်ပုံပင် ။ ဒါပေမယ့်ဘယ်လိုဖြစ်လို့ ဝင်းထဲကိုရောက်နေတာလဲမသိ ။ Seulgi ကိုင်ဖို့လုပ်ချိန် အမေကအပေါ်ကနေ အော်ခေါ်တာကြောင့် မကိုင်လိုက်ရ။ ပြန်ဆင်းလာကြည့်တဲ့အခါ ပိုင်ရှင်ကပဲခေါ်သွားတာလား၊ သူ့တို့ဟာသူတို့ပဲ ထွက်သွားတာလား မသေချာဘဲနဲ့ ထိုကြောင်လေးနှစ်ကောင် ပျောက်သွားသည် ။