[အပိုင်း ၃၅]
ပြန်လာတတ်တဲ့ ခံစားချက်တွေဟာ ဘယ်တုန်းကမှ ထွက်မသွားခဲ့ဖူးဘူးတဲ့။
X
"ဒီနေ့မိုးရွာမယ်ထင်တယ် "
အုံ့မှိုင်းနေတဲ့ကောင်းကင် အနည်းငယ်အားပါတဲ့လေနဲ့ ယိမ်းနေတဲ့အပင်တွေကိုကြည့်ရင်း သူမ တွေးမိသည်။ ကျောင်းပြေးလိုက်တာ မှန်သွားတယ်လို့ ဆိုရမလားမသိ။ မိုးတွေရွာနေတုန်း အိမ်ထဲမှာနေရတာကလည်း အရသာတစ်မျိုးပဲလေ၊ အင်း.. ကိုယ့်အိမ်တော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့်လည်း ကိုယ့်အိမ်ပါပဲ။
အသံတိတ်ဆိတ်နေတဲ့အခါ အတွေးတွေက ပိုကျယ်လောင်တတ်ကြတယ်။ သစ်ရွက်ချင်းထိတိုက်တဲ့ အသံကလွဲလို့ အနားမှာပြည့်နေတာ သူမရဲ့အတွေးတွေချည်း။ ရေရေရာရာမသိရတဲ့ အနာဂါတ်ကိုကြောက်ပြီး ချစ်တဲ့လူကို ဆုံးရှုံးရမှာလည်းကြောက်တယ်။
အဲ့လိုခံစားချက်မျိုးရတိုင်း အဝေးတစ်နေရာရာမှာ သူမကိုမုန်းနေမယ့် Seung Wan ကို သတိရတယ်။ ဘယ်လိုသူငယ်ချင်းမျိုးမို့လို့ သူ့ကိုအဲ့လိုနာကျင်စေခဲ့မိတာလဲ။ အခြေအနေတိုင်းက လမ်းခွဲတွေရှိနေတာဆိုးတာပဲ။ သူမက အားလုံးကိုရုပ်ရှင်ထဲကလို စာအုပ်ထဲကလို အဆင်ပြေပြေဖြစ်ချင်ခဲ့တာပါ။
နားလည်ရခက်တယ်။ Seung Wan ကိုနာကျင်အောင်လုပ်ခဲ့လို့ နောင်တရပြီး အဲ့အမျိုးသမီးကိုတော့ လက်မလွှတ်ချင်မိဘူး။ ခံစားချက်ဆိုတာမျိုးကလည်း ရှုပ်ထွေးနေတဲ့ အပ်ချည်လုံးလိုပဲ။
"ကျောင်းမသွားဘူးလား "
နောက်ကနေဖက်ပြီး ညာဖက်ပခုံးပေါ်မေးလာတင်သော အိမ်ကြီးရှင်။ အခုမှအိပ်ရာနိုးတာမို့ အသံကလေးလေးပင်ပင်။ သူ့အိမ်ထဲကို လူအလွယ်တကူဝင်လို့ရအောင် တံခါးကိုသေချာမပိတ်ဘဲနေသလား။
"ဘာလို့တံခါးကို သေချာမပိတ်တာလဲ "
ခေါင်းအနည်းငယ်စောင်းပြီး မေးလိုက်တော့ သူကပျင်းတွဲတွဲရယ်ပြပြီး သူမပါးကိုစက္ကန့်အတော်ကြာ နှုတ်ခမ်းနဲ့ထိကပ်ထားသည်။
