[အပိုင်း ၁၃]
'မင်းကြောင့်တော့ မဟုတ်ဘူး ဒါပေမယ့် မင်းကြောင့်.. 'X
နှုတ်ခမ်းချင်း ထိတွေ့လိုက်သည့် တစ်ခဏ။
သီချင်းသံကျယ်ကျယ်ထက် ရင်ခုန်သံတွေ ပိုကျယ်သည့် အနှီတစ်ခဏမှာ သူမခေါင်းထဲ ဗလာကျင်းသွားသည်။ ဝမ်းဗိုက်ထဲက ပူလောင်မှုကို ဂရုမထားနိုင်။ နှာခေါင်းထဲသို့ ရှန်ပူနံ့ခပ်သင်းသင်း ဝင်လာပြီး လက်ဖဝါး တစ်ဖက်မှာ ဂုတ်အနား၌ကျနေသည့် သူမ ဆံပင်တွေထဲရောဝှေ့၍ အရှေ့ပိုတိုးစေသည်။ ထိုအမျိုးသမီး၏ နှုတ်ခမ်းတစ်စုံသည် သူမ ထင်တာထက် အဆပေါင်းများစွာ ပိုအံ့သြဖို့ကောင်းသည်။ ခါးသက်သည့် အရသာတစ်မျိုးအပြင် သူသောက်နေကျ ဆေးလိပ်ထဲက မီးခိုးငွေ့တွေကို မြိုချမိမလို ခံစားရသည်။
ကြောက်ရွံ့မုန်းတီးမှုတို့ပြည့်နှက်လျက်.. အခြားအခြားသော စိတ်ခံစားချက်တွေနဲ့ ။
သူမ ထိုအမျိုးသမီးကို တွန်းမထုတ်မိပါ။ လက်နှစ်ဖက်သည် အတွေ့အကြုံကင်းမဲ့စွာ နံဘေး၌ရှိဆဲ။ ထိုအမျိုးသမီးက ခွာသည်။ လူချင်းမဟုတ်။ သူမရှေ့၌ နီးကပ်စွာရပ်နေရင်းကပင် အနမ်းကိုရပ်လိုက်တာဖြစ်ပြီး သူမ မျက်လုံးမဖွင့်ရဲပါ။
ဂုတ်အနားက ထိုအမျိုးသမီးရဲ့လက်သည် သူမဆံပင်ကို အသာအယာ ထိတွေ့နေသည်။ နောက်လက်တစ်ဖက်က သူမ အောက်နှုတ်ခမ်းကို လက်မနှင့်ထိကြည့်ပြီး ပခုံးပေါ် လက်ကိုပြောင်းတင်လိုက်သည်။
"ငယ် "
ထိုအမျိုးသမီးအသံက ထူးဆန်းစွာတည်ငြိမ်လွန်းသည်။ သို့ပေမယ့် အခုချိန် သူမ စကားပြောမယ်ဆို ထိုသို့ တည်ငြိမ်နေမည်မထင်ပါ။
"မျက်လုံးဖွင့်ပါဦး "
ခန္ဓာကိုယ်၌ ကြက်သီးမွှေးညှင်းလေးများထလို့ သူမ မျက်လုံးဖွင့်ကြည့်တော့ပြုံးနေသော ထိုအမျိုးသမီးက ဆီးကြိုသည်။ သူမလက်ဖျားတွေက ထိုအမျိုးသမီးရဲ့ခါးကိုဖက်ကာ ထိုင်လျက်ကပင် သူ့ရင်ခွင်ထဲတိုးဝင်ချင်စိတ်ပေါ်နေသည်။
