[အပိုင်း ၃၆]
မင်းကမ္ဘာမှာ ဘယ်တော့မှ မုန်တိုင်းမသက်ရောက်စေဖို့..။X
စာသင်နှစ်ပြီးဖို့ ရက်ဘယ်လောက်မှမကျန်တော့။ ပြတင်းပေါက်ကနေ ငေးကြည့်မိတဲ့အချိန်တိုင်းမှာ လွမ်းဆွတ်မှုငွေ့ငွေ့ကလေးပါတဲ့ စိတ်ခံစားချက်မျိုးကို ဒီရက်ပိုင်းထဲရတယ်။
အထက်တန်းကျောင်းကို သူငယ်ချင်းမရှိဘဲ ပြီးသွားဖို့ဆိုတာ အတော်လေးတော့ ဝမ်းနည်းစရာပဲ။ အထီးကျန်ပြီးတော့ အတောင်ပံကျိုးနေသလို။ အောင်လက်မှတ်ပေးပွဲရောက်ရင် အုပ်စုလိုက်ဓာတ်ပုံရိုက်ကြမယ့် အတွေးတွေကြားထဲ သူမစိတ်ကူးကလေးလည်း ပျောက်ရှသွားတယ်။
"Seulgi နဲ့ Moonbyul ကို အတန်းပိုင်က လာတွေ့ပါတဲ့ "
စာရေးနေရင်းက ကြားလိုက်ရတဲ့စကားကြောင့် နှလုံးခုန်သံတွေမြန်သွားပြီး Moonbyul ထိုင်တဲ့နေရာကို အမြန်လှည့်ကြည့်မိလိုက်တယ်။ သူမလိုပဲ စိတ်လှုပ်ရှားနေမလား ဒါမှမဟုတ် ဒေါသများထွက်နေမလားဆိုတဲ့ သိချင်စိတ်တစ်ခုနဲ့။ Moonbyul က အံ့သြသွားတဲ့မျက်နှာနဲ့ သူမကိုပြန်ကြည့်လာတယ်။
အဲ့အချိန်ခဏလေးမှာ သူငယ်ချင်းကိုဘယ်လောက်လွမ်းမှန်း ကိုယ့်ကိုယ်ကိုသတိထားမိပြီး ပြေးဖက်ချင်စိတ်ကို ချုပ်တည်းထားရပြန်တယ်။ နားလည်မှာမဟုတ်ပေမယ့် ဖြစ်ပျက်ခဲ့တာတွေကို ရှင်းပြတောင်းပန်ချင်စိတ်လည်း ပေါ်မိတယ်။
Moonbyul ကအရင်ထွက်သွားတာမို့ သူမလည်း အတန်းပိုင်ဆီကို ခပ်မြန်မြန်သွားတော့ အတန်းပိုင်က ပြုံးပြနှုတ်ဆက်လေသည်။ ထိုင်ဖို့ပြောတော့လည်း Moonbyul နဲ့ဘေးချင်းကပ်မို့ သူမရင်ဘတ်ထဲ တဒိန်းဒိန်း။
"ဘာဖြစ်ကြတာလဲ ပြောပါဦး "
လက်ပိုက်ထားရင်း အတန်းပိုင်က သူမတို့နှစ်ယောက်ကိုကြည့်ပြီး မေးလေသည်။ ဘာလို့မေးမှန်းတော့နားမလည်။ မခေါ်ကြပေမယ့် ပြဿနာတက်နေကြတာလည်း မဟုတ်ပါဘဲ တစ်ယောက်ယောက်ကများ လိမ်ပြောလိုက်တာလား။
"ရှင်? သမီးတို့ဘာမှမဖြစ်ပါဘူး "
Moonbyul အသံကို နီးနီးနားနားကနေ ပြန်ကြားရတဲ့အခါ Seulgi ငိုချင်လာတယ်။ ဘာလို့အဲ့လောက်တောင် ဝမ်းနည်းစရာကောင်းနေတာပါလိမ့်။