[အပိုင်း ၁၄]
မင်းခြွေရင် ကြွေတတ်တဲ့ ပန်းပွင့်ကလေးဟာ ကိုယ် ..။X
"သမီး ထမင်းလာစားလေ"
အခန်းအပြင်က အမေ့ခေါ်သံကို Seulgi ကြားလည်း အိပ်ရာပေါ်ကနေ မထမိပါ။ သူမ ခန္ဓာကိုယ်တစ်ခုလုံး လေးလံထိုင်းမှိုင်းပြီး မျက်ခွံတွေစပ်နေသည်။ ခေါင်းလည်း တဆစ်ဆစ်ဖြင့် ကိုက်လို့။ အမေပြန်ရောက်နေတာတောင် သူမ မသိပါ။ အိပ်ပျော်ပြီး အချိန်ကုန်သွားတာ ညမိုးချုပ်ချိန် ရောက်နေပြီဆိုတာပဲသိသည်။
"သမီး Seulgi "
အခန်းတံခါးပွင့်သံနဲ့အတူ ကုတင်ပေါ်သို့ အခြားတစ်ဦး၏ နေရာယူလိုက်မှုမျိုး ခံစားရသည်။ အမေက Seulgi ရဲ့ လက်မောင်းကိုကိုင်ကာ ကိုယ်အပူချိန်ကို အကြမ်းဖျင်းစစ်ဆေးပြီး ကိုယ်ပူတာမဟုတ်မှန်းသိတော့ မျက်နှာကို ကြည့်ဖို့ကြိုးစားသည်။
သူမ အခုချိန် ဘယ်သူ့ကိုမှမတွေ့ချင်၊ မျက်နှာမပြချင် ။ အမေ့ကို ပိုအားနာသည်။ ကျောင်းပြေးထားမိသည့်အပြစ်၊ မကောင်းတာတွေ လုပ်ထားမိသည့် အပြစ်တွေက အမေနဲ့ မျက်နှာချင်းမဆိုင်ရဲအောင် သူမကိုနေစေသည်။ ဒါကြောင့် မျက်နှာကို ခေါင်းအုံးထဲပိုနစ်ဝင်အောင် နေနေလိုက်သည်။
"သမီး ထမင်းမစားဘူးလား"
Seulgi အိပ်နေတာမဟုတ်မှန်း အမေ သိပါလိမ့်မည်။ ထိုနည်းအတိုင်း သူ့သမီးတစ်ခုခုဖြစ်နေတာကို အမေ သေချာပေါက် သတိထားမိလိမ့်မည်။ သို့သော် သူမကို အတင်းအကြပ်မမေးခဲ့ပါ။ အခန်းထဲကနေအသာတကြည် ပြန်ထွက်သွားခဲ့သည်။
ဒီလိုဆိုတော့ Seulgi စိတ်ထဲမကောင်း။ အမေက အခုမှ အိမ်ကိုပင်ပင်ပန်းပန်းနဲ့ ပြန်လာရတာကို သူမက အမေနဲ့ ထမင်းတောင်အတူတူ မစားပေးနိုင်ဘူး။
နာရီလက်တံရွေ့သွားတိုင်း တိတ်ဆိတ်မှုက Seulgi ကို ပို၍နှိပ်စက်လာသည်။ အိပ်ရာမှ ကြိုးစားပြီးထလိုက်တော့ အရင်ဆုံးကြည့်မိတာ စားပွဲခုံပေါ်က ကျောင်းစာအုပ်တွေနဲ့ ဖိထားတဲ့ ပုံဆွဲစာအုပ်။ စာအုပ်ကို Seulgi ယူလိုက်ပြီး ဖွင့်ကြည့်လိုက်လျှင် လူတစ်ဦးတည်းရဲ့ပုံကို လှုပ်ရှားမှု အမျိုးမျိုးနဲ့ ဆွဲထားတာတွေရှိသည်။ အရောင်နဲ့ဖြစ်စေ၊ ခဲသားနဲ့ဖြစ်စေ ဘောပင်နဲ့ပဲဖြစ်စေ ပုံတိုင်းပုံတိုင်းက သူမကိုယ်တိုင် ဖန်တီးထားတဲ့ လက်ရာတွေဖြစ်တယ်။
