[အပိုင်း ၂၉]
တစ်ကပြန်စဖို့ ဘေးမှာမင်းရှိနေပေးမလား။
X
ပြတင်းတံခါး ဖွင့်ထားတာကြောင့် အိမ်အပြင်ဘက်မှာ ငှက်တွေတကျီကျီအော်သံကို ကြားနေရတယ်။ ကောင်းကင်မှာ နေအလင်းရောင်ကို သေချာမမြင်ရသေးပေမယ့် အနည်းငယ်တော့ ပြာပြာလွင်လွင်ဖြစ်ပြီး နေလို့ထိုင်လို့ကောင်းအောင် ဖန်တီးပေးထားသေးတယ်။ မနက်စောစောတိုက်တတ်တဲ့ လေအေးကလည်း ဝတ်ဆင်ထားတဲ့ အဝါရောင်အနွေးထည်ကို ထိုးဖောက်ပြီး ကိုယ်တွင်းက အရိုးအဆစ်တွေထဲ မွှေနှောက်နေသယောင်။
ထူးဆန်းစွာ အစောကြီးနိုးနေတာမို့ နောက်မှအလျင်စလိုမဖြစ်အောင် ကျောင်းသွားဖို့အကုန်ပြင်ထားမိသည်။ လမ်းလျှောက်သွားဖို့စိတ်ကူးထားပြီး ပူတဲ့အခါမှ အနွေးထည်ကိုချွတ်လိုက်တော့မယ်။ အခုတော့ သူမ ဘာရယ်လို့တိတိကျကျမဟုတ်ဘဲ အပြင်ဘက်မြင်ကွင်းကိုကြည့်ပြီး နားကြပ်တပ်ထားရင်း အတွေးတွေလွန်နေတယ်။
နားထောင်နေတာ သီချင်းတစ်ပုဒ်မဟုတ်။ စန္ဒယားတီးလုံးတွေသာဖြစ်ပြီး အဲ့ဒါကိုနားထောင်နေရတာ သူမ သဘောကျသည်။ ဂီတနဲ့ပါတ်သတ်ပြီး အသိဉာဏ်က သုညဆိုရင်တောင် သူမကတော့ လူ့အသံနဲ့ဆိုနေတဲ့ သီချင်းတွေတင်မကဘဲ စန္ဒရားနဲ့သီချင်းတွေ၊ တီးလုံးချည်းသက်သက်ပဲပါတဲ့ သီချင်းတွေကို သဘောကျတယ်။
ပြောရရင်.. အဲ့အမျိုးသမီးနဲ့တူတဲ့ ဂီတသံစဉ်တွေ။
စကားလုံးတွေ မလိုအပ်ဘူးလေ။ နားလည်ရခက်လည်း သဘောကျနေတယ်။ ဘာမှန်းမသိဘဲ နာကျင်ရတဲ့သံစဉ်ဟာ ထိုအမျိုးသမီး၊ မသေချာတဲ့ ပျော်ရွှင်မှုဟာလည်း အဲ့အမျိုးသမီး၊ ခုန်နေတဲ့နှလုံးသားဆီက မျှော်လင့်ခြင်းတွေနဲ့ ပိုးဖလံမျိုးမီးပုံတိုးချင်တဲ့ အရိုင်းစိတ်တွေဟာ ဒီအမျိုးသမီးပဲ။
ဝင်သက်ထွက်တိုင်းက စိတ်လှုပ်ရှားစရာ။ အချစ်ဆိုတာက အဲ့လိုမျိုးပါလားလို့ တွေးပြီးပြုံးမိရင်းက အဲ့လိုကောက်ချက်ချရအောင် အချစ်ကဘာလဲလို့ ပြန်ပြီးမေးခွန်းထုတ်စေတဲ့အထိ အဲ့အမျိုးသမီးက စိတ်ထဲမှာ နေရာယူထားတယ်။