[အပိုင်း ၄၁]
အတိတ်ကိုလက်လွှတ်ပါ။
ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားပါ။
အမှတ်တရတိုင်းအတွက် ကျေးဇူးတင်ပါတယ်။X
အရွယ်ရောက်တယ်ဆိုတာ အသက်ကြီးသွားရုံပဲလို့ Seulgi တွေးဖူးတယ်။ အသက်ကြီးလာ ကောလိပ်တက် အလုပ်တွေလုပ် ချစ်သူထား အိမ်ထောင်ပြု မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေသွား။ ဒီလောက်ပဲ။
အရွယ်ရောက်လာခြင်းရဲ့ တကယ့်အစစ်အမှန်က ရက်စက်တာကိုတော့ စဉ်းတောင်မစဉ်းဖူးခဲ့။ အရာအားလုံး စိတ်ကူးထဲကလို ဖြစ်မလာနိုင်ဘူးလို့ တစ်ယောက်ယောက်က ပြောပြခဲ့တာတောင် သိပ်မယုံချင်။
"လူတစ်ချို့ ပျော်ရွှင်မှုတစ်ချို့ ခံစားချက်တစ်ချို့ အကြိုက်တစ်ချို့ အဲ့လိုတစ်ချို့ပေါင်းများစွာကို ထားခဲ့ရပြီး ဘဝကိုအကောင်းဆုံးကြိုးစားရင်း ရှေ့ဆက်သွားတာက အရွယ်ရောက်တာပဲ "
အခုသူမ အရွယ်ရောက်နေပြီလား ?
နေ့အလင်းရောင် ညကောင်းကင်ဖြစ်ခဲ့ဖူးတဲ့ အဲ့အမျိုးသမီးကို သူမရှေ့ဆွဲခေါ်လာပြီး မေးကြည့်ချင်စမ်းပါရဲ့။ အရွယ်ရောက်တဲ့သူတစ်ယောက်ဟာ ဘယ်အချိန်လောက်အထိ သူ့ကိုထားသွားတဲ့လူကို ချစ်နေရမလဲလို့။ ဘယ်အတိုင်းအတာအထိ အသည်းကွဲနေရမလဲလို့။
နှစ်နှစ်ကျော်လောက်ဆို လုံလောက်ပြီလား။ ဘာအဆက်အသွယ်မှ မရခဲ့ဘူးဆိုရင်၊ နှစ်နှစ်ကျော်အချိန်အထိ စောင့်နေခဲ့တာတောင် မဆက်သွယ်လာဘူးဆိုရင် အဲ့လူကို အတိတ်မှာထားသင့်ပြီလား။
ယုန်သော့ချိတ်ကလေးမှာတော့ လက်ဆွဲသေတ္တာရဲ့ ဟိုးအောက်ဆုံးကနေ အပြင်ထွက်ခွင့်မရ။
* * *
"Seung Wan နေပါဦး ငါလက်နာနေပြီ "
သူမထက်သေးတဲ့ ခန္ဓာကိုယ်လေးထဲကနေ ဘယ်လိုအားတွေထွက်လဲမသိ။ လက်ကိုဆွဲပြီး ပြဿနာဖြစ်တဲ့နေရာက ဆွဲခေါ်လာလိုက်တာ Seulgi လက်ကောက်ဝတ် စပ်ဖျင်းဖျင်းဖြစ်လာတဲ့အထိ။
