[အပိုင်း ၂၈]
ချစ်တဲ့သူတစ်ယောက်ကြောင့် ဒဏ်ရာရတဲ့အခါ အဲ့လူကလွဲပြီး အရာအားလုံးကို ကိုယ်တို့တွေ မုန်းတတ်ကြလေရဲ့..။X
တဖြည်းဖြည်းသေးငယ်သွားသော မြို့ငယ်လေး။
ဝေးသထက်ဝေးလာသည့် အမှတ်တရများ။လေယာဉ်ကွင်းရှိရာကို ကားနဲ့ထွက်လာချိန် သူမကိုလိုက်ပို့သူ တကူးတကမရှိ။ ကျန်ခဲ့တဲ့ တစ်ဦးတည်းသောသူငယ်ချင်း Moonbyul ကိုတောင် ထွက်ခွာမယ့်ရက် ပြောမပြထားတာကြောင့် သော့ပိတ်ခဲ့တဲ့ ခြံတံခါးရှေ့မှာ ငိုယိုကျန်နေခဲ့မယ့်သူလည်း မရှိပါ။ အထီးကျန်ကောင်းကျန်နိုင်ပေမယ့် သက်သာရာတော့ရသည်။ ရုပ်ရှင်တွေထဲကလို မသွားပါနဲ့လို့ ဆွဲထားမယ့်လူလည်းမပေါ်။
ဟာသည်ထက် ပိုလစ်ဟာလာသည့် ရင်ဘတ်ထဲ ဒဏ်ရာတွေကလွဲလို့ ဒီမြို့ဟောင်းလေးက ဘာမှလက်ဆောင်မပေးလိုက်တာကတော့ မတရားဟုထင်သည်။ ရက်လွန်သွားတဲ့ ပျော်ရွှင်စရာ အမှတ်တရတွေက တိတ်တိတ်ကလေး လိုက်လာကြပါသော်လည်း သူမကတော့ ထပ်မဆုံမကြုံချင်တော့ပြီ။
"သူငယ်ချင်းတွေကို ဘာလို့မနှုတ်ဆက်သွားတာလဲ"
ကားမောင်းနေရင်း အဖေဖြစ်သူကမေးတော့ အပြင်ဘက်ကိုငေးနေမိတဲ့ Seung Wan ပြုံးပြရင်း ပြန်ဖြေမိတယ်။
"ဒီလိုပါပဲ.. လွတ်လွတ်လပ်လပ်သွားချင်လို့"
နယ်မြို့လေးကနေ ရေခြားမြေခြား မြို့ပြကြီးဆီကို တိတ်တဆိတ်ထွက်ခွာသွားတော့ ခံစားနေရသမျှကနေ လွတ်မြောက်သွားလားဆိုတာ သူမ သိချင်နေပြီ။
"သမီးဟိုမှာ နောက်ဆုံးနှစ်ကိုအရင်ပြန်တက်ရမယ် အဲ့ကနေမှ ကောလိပ်ဝင်ခွင့်တွေဘာတွေ.. "
ရှေ့ခန်းကမေမေ့စကားတွေကို နားထောင်နေရင်းကနေ အာရုံတွေက ပျံ့ကုန်ပြန်သည်။ ရင်းလိုက်ရတဲ့ အချိန်တွေအတွက် သူမအမြန်ဆုံး အသားကျအဆင်ပြေသွားဖို့လိုသည်။ စာတွေလည်း ပိုကြိုးစားရမှာဖြစ်ပြီး နေထိုင်မှုစရိုက်တွေလည်း လိုက်လျောညီထွေဖြစ်အောင် ကြိုးစားရဦးမည်။ အဲ့လိုနဲ့.. အဲ့လိုနဲ့ပဲ ဆယ်ကျော်သက်ဘဝက ဒဏ်ရာလေးကျက်သွားမလား။