[အပိုင်း ၃၂]
ပိုချစ်တဲ့သူက ပိုအရှုံးပေးရတယ်ဆိုတာမျိုး ကြားဖူးလား။
X
တစ်ယောက်ယောက်က စိတ်ရှိလက်ရှိ ပေါက်ကွဲထားသလိုမျိုး တိုက်ခန်းအတွင်းမှာ ပစ္စည်းတွေပွစာကြဲ။ ကျကွဲနေတဲ့ဖန်ခွက်နဲ့ ကြိုးတန်းလန်း Laptop က ကြမ်းပြင်ထက်မှာ စာရွက်တွေနဲ့အတူ လဲလျောင်းလို့။ နှစ်ယောက်တွဲဓာတ်ပုံလေး တစ်ခုကလွဲရင် တိုက်ခန်းငယ်ထဲမှာ အကုန်ပျက်စီးနေတယ်။
ပစ္စည်းတွေ၊ အမှတ်တရတွေ၊ ခံစားချက်တွေနဲ့ လူအပါအဝင်။
"အဲ့လိုလုပ်မှရမှာလား အခုလိုအကုန်လုံးကို ဖျက်ဆီးလိုက်မှ နင့်အိမ်မက်နောက်ကို လိုက်နိုင်မှာလား"
ဖန်ကွဲစပေါ် တက်နင်းမိထားလို့ ခြေဖဝါးကသွေးစသွေးနတွေက လမ်းလျှောက်လိုက်တဲ့အခါ ကြမ်းပြင်ပေါ် ပေပွကုန်တယ်။
"ငါ့ကိုနားလည်ပေးရမယ် ဒီလိုတိုက်ခန်းစုတ်ထဲမှာ ဘဝကိုမကုန်ဆုံးနိုင်ဘူး "
တန်ပြန်ထွက်လာတဲ့စကားသံအဆုံး အပြင်ကမိုးစက်တွေ အနည်းငယ်စဲသွားတယ်။
"အဲ့ဒါကြောင့်နဲ့ပဲ ငါ့..ငါ့စာမူကို - "
"အဲ့လိုလုပ်ပေးရင် ငါဖြစ်တဲ့ ခေါင်းဆောင်မင်းသမီးနေရာကိုရဖို့ အာမခံတယ်တဲ့! အဲ့ဒါကြောင့်လုပ်ခဲ့တာ! "
မယုံနိုင်မှုအပြည့်နဲ့ မျက်ဝန်းတွေနဲ့ အကြည့်ကိုရင်မဆိုင်ရဲတဲ့ မျက်ဝန်းတွေကြားက ပျောက်လုဆဲဆဲဖြစ်နေတဲ့ ခံစားချက်လေး။
"ဒါဆို ငါဖြစ်ချင်တာကရော ငါ့အိမ်မက်ကရော? "
"ငါ့ကိုပဲအပြစ်တင်မနေနဲ့! နင်က ဦးဏှောက်ရှိနေသ၍ အရေးမပါတဲ့စာတွေကို ဒီတိုက်ခန်းစုတ်ထဲမှာ ထိုင်ရေးနေလို့ရတယ်! ငါကအဲ့လိုမဟုတ်ဘူး"
အေးစက်သွားတဲ့ မျက်ဝန်းတွေဆီက ပူငွေ့ငွေ့မျက်ရည်တွေ စီးကျလာတာဟာ နာကျင်ဖို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားလို။ ဘယ်လောက်ပဲ လူနှစ်ယောက်ဟာ သံယောဇဉ်တွေအထပ်ထပ်နဲ့ နှောင်ထားပါစေ မကျော်သင့်တဲ့စည်းမျိုး မပြောသင့်တဲ့စကားမျိုး အမြဲရှိတတ်တယ်။ အထူးသဖြင့် အဲ့စကားက ကိုယ်ချစ်ရတဲ့သူကို နာကျင်စေနိုင်မှန်း သိတဲ့အချိန်မျိုးဆို။