[အပိုင်း ၁၈]
ကိုယ်မထုံးမိတဲ့ သံယောဇဉ်ကြိုးတွေကို
တကူးတကလိုက်ဖြည်။X
လိမ္မော်နဲ့ မီးခိုးရောင်ရောထွေးနေတဲ့ ညနေခြောက်နာရီ ကောင်းကင်ယံဟာ ဒီနေ့ကျမှ အခါတိုင်းထက်ပိုပြီးတော့ လှလှပပနဲ့ အထီးကျန်နေသယောင်။ နောက်ထပ်ငါးမိနစ်၊ ဆယ်မိနစ်လောက်ဆိုရင် ခရမ်းရောင်သမ်းပြီး ရုတ်တရက် လင်းလွန်းတတ်တဲ့ ကြယ်လေးတစ်ပွင့်နှစ်ပွင့်ကို မြင်ရရင်း အမှောင်က ကြီးစိုးလာတော့မယ်။
တစ်လှမ်း.. နှစ်လှမ်း..နဲ့ သူ့ဆီကို အရောက်သွားချင်တဲ့ ခြေလှမ်းတွေကိုမေ့ပစ်ပြီး သစ်ပင်တစ်ပင်ရဲ့အောက်မှာ ကောင်းကင်ရဲ့အရောင်ပြောင်းလဲမှုကို ကြည့်နေရတာက သိပ်တော့လည်း ကယောက်ခြောက်ခြားမှုနိုင်သား။
ဖွင့်ပေးလိုက်မိရင် ဒဏ်ရာတွေစီတန်းပြီး ဝင်လာတတ်တဲ့ ရင်ခွင်တံခါးလေးတစ်ချပ်ပါပဲ။
ဘာအမှားမှ မလုပ်ထားပါဘဲ အတိတ်ကို တကူးတက ပြန်သွားချင်မိတယ်။ အတိတ်က အခြေအနေတွေဟာ အခုလက်ရှိထက် ပိုကောင်းနေလို့လည်း ဖြစ်နိုင်တယ်။ ဥပမာအားဖြင့် သူစိမ်းတစ်ယောက်ယောက်ကြောင့် မျက်ရည်မကျဖူးတဲ့ နေ့ရက်တွေက အတိတ်မှာပဲရှိတာမျိုး။
ဇာတ်လမ်းထဲမှာ အကုန်လုံး သူ့နေရာနဲ့သူ အသားကျ အဆင်ပြေနေပြီလားဆိုတာ သူမ သိချင်မိတယ်။ ထပ်ပြီး သူမကရော ဘယ်လိုဇာတ်ကောင်နေရာကလဲဆိုတာကို သိချင်တယ်။ မင်းသမီးရဲ့ချစ်ခြင်းကို လိုက်ခွဲတတ်တဲ့ ဇာတ်ကောင်မျိုးလား။ မင်းသမီးရဲ့ချစ်ခြင်းကို ကူညီပြီး အားပေးတတ်တဲ့ ဇာတ်ကောင်မျိုးလား။ လူတိုင်းလူတိုင်း အမြင်ကပ်လောက်တဲ့ ဇာတ်ကောင်မျိုးလား။ မဟုတ်ရင် ဘယ်သူမှမသိလိုက်ခင်မှာ တစ်ခန်းရပ်သွားမယ့် သာမန်ငြိမ်ငြိမ်သက်သက် ဇာတ်ကောင်မျိုးလား။
Seung Wan ကို လိမ်လိုက်လား။ အဲ့အမျိုးသမီးကို မချစ်ပါဘူးလို့ ပြောလိုက်တဲ့အဖြေဟာ လိမ်လိုက်သလို ဖြစ်သွားလား။
အဲ့မိန်းမကြီးကို သူမ မချစ်ပါဘူး။ မချစ်ချင်ဘူး။ အဲ့မိန်းမကြီးက Seulgi ကို ခဏခဏ ငိုအောင်လုပ်ပြီး ဝမ်းနည်းအောင်လုပ်တယ်။ ဒါပေမယ့် အချိန်ခဏလေး အတွင်းမှာ Seulgi သူ့ကို သိပ်ပြီးသဘောကျသွားတာ။ ဘယ်လောက် သဘောကျသွားသလဲဆို Seung Wan သူ့ကိုသွားဖွင့်ပြောတော့မယ်လို့ သိလိုက်တဲ့အချိန်မှာ ရင်ဘတ်ထဲ တစ်ခုခုကွဲကြေသွားသလို ခံစားလိုက်ရသလို နာနာကျင်ကျင်ဖြစ်သွားတဲ့အထိ။