Episode - 31

4.2K 458 51
                                    

[အပိုင်း ၃၁]
အိမ်မက်ကလေးက လူတစ်ယောက်အဖြစ် ရှင်သန်ခဲ့ဖူးတယ်ဆို...။

X

"သူငယ်ချင်းတွေထက် အချစ်ကိုပိုဦးစားပေးတာမျိုးကို ငါကတော့ရွံတယ်"

နောက်တန်းတွေဆီကနေ စကားပြောသံကျယ်ကျယ်ကို Seulgi အတိုင်းသားကြားနေရတယ်။ ရင်းနှီးတဲ့အဲ့အသံက သူမတစ်ယောက်တည်းကို ရည်ညွှန်းနေတာမို့ စကားဝိုင်းထဲလည်း ဝင်မပါရဲ၊ တိုးတိုးပြောဖို့လည်း လှည့်သတိမပေးရဲဖြစ်နေတယ်။ ကံဆိုးချင်တော့ နားကြပ်ကလည်းပါမလာ။

သူငယ်ချင်းတွေထက် အချစ်ကိုပိုဦးစားပေးခဲ့တာလား။ မှန်ကောင်းမှန်လိမ့်မယ်.. မဟုတ်ဘူး Moonbyul ပြောနေတာမှန်တယ်။ သူတို့ထက် ဟိုအမျိုးသမီးကို ရွေးချယ်ခဲ့တဲ့အပေါ် စိတ်ဆိုးပိုင်ခွင့် အပြည့်အဝရှိတယ်။ ရိုးရိုးရွေးချယ်ခဲ့တာတောင် မဟုတ်ဘဲနဲ့ သူမက သစ္စာဖောက်မိခဲ့တာ။

ကိုယ်အပြစ်ရှိပါတယ်လို့ ခံယူပြီးတော့ ခေါင်းငုံ့နေပေမယ့် သူ့ပါးစပ်ကပြောတာကို သေချာကြားရတဲ့အခါ ပိုပြီးဝမ်းနည်းနာကျင်ရတယ်။ သူမရဲ့ ပျော်ရွှင်မှုစက်ဝိုင်းကလေး သေးငယ်လွန်းနေတဲ့အထိ သူတို့အပေါ် Seulgi အားနာတယ်။

စိတ်ထဲမှာ သိပ်ရှုပ်ထွေးနေတာကို ခြစ်မိခြစ်ရာလျှောက်ရေးနေတဲ့ စာအုပ်ထောင့်စွန်းလေးက သက်သေပြနေတယ်။ သူငယ်ချင်းနှစ်ယောက်အပေါ် အားနာတဲ့စိတ်က မိုးကောင်းကင်လောက် ကြီးမားနေပေမယ့် တစ်ဖက်မှာလည်း ချစ်တဲ့သူကို လက်မလွှတ်ချင်ဘူးဆိုတဲ့စိတ်က မြေကြီးလိုကျယ်ပြန့်နေတယ်။ ဘယ်လိုတောင် စိတ်ရှုပ်စရာအခြေအနေမျိုးလဲ။

"ကိုယ့်ရည်းစားကို လုထားတဲ့သူနဲ့ ဘယ်သူကဆက်ပြီး သူငယ်ချင်းလုပ်ချင်မှာလဲဟာ သိတယ်မလား"

စကားလုံးတိုင်းက မှန်စာတိုက်ထားတဲ့ကြိုးလို သူမအတွက် မမြင်ရတဲ့ဒဏ်ရာတွေရစေတယ်။ ပြောနေတဲ့သူက သူမစိတ်ကို နားလည်ပါတယ်လို့ သတ်မှတ်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်နေလို့ ပိုပြီးအထိနာတယ်။

ဆက်မကြားချင်တော့တာကြောင့် ဆတ်ခနဲထပြီး အခန်းထဲကထွက်သွားတဲ့အခါ အသံတွေလည်း တိုးတိုးလျလျပျောက်ကွယ်ကုန်တယ်။ ဒါပေမယ့် သူမနဲ့အတူ ဝေဒနာအစိုင်အခဲတွေကတော့ လိုက်လာတုန်းပဲ။

PlayWhere stories live. Discover now