[အပိုင်း ၂၅]
နောင်တမရမိတဲ့ စကားလုံးတိုင်းအတွက်
တောင်းပန်ပါတယ်..။X
အရာရာက ပုံမှန်ပြန်ဖြစ်သွားပြီလို့ထင်လား။
ခိုရောင်ဆန်တဲ့ကောင်းကင် နွေးထွေးမှုပေးတဲ့ အထပ်ထပ်သော ဂွမ်းစောင်တွေ စားပွဲပေါ်မှာ စည်းချက်ကျကျ ရွေ့လျားနေတဲ့ နာရီလက်တံတွေနဲ့ အနီးကပ်ကြားနေရတဲ့ တစ်စုံတစ်ယောက်ရဲ့ ရင်ခုန်သံတည်တည်ငြိမ်ငြိမ်။ သူမကိုထွေးပွေ့ထားတာ တခြားတစ်ယောက် သိပ်မြတ်နိုးလောက်တဲ့ စာရေးတဲ့လက်တွေ။ အားနာစိတ်ဖြစ်မိပေမယ့် သူ့နှလုံးသားနားမှာ ကိုယ်ကအသက်ရှူနေမိသူ။
ထပ်ထွက်သွားမှာကြောက်လို့ အစောကြီးနိုးနေမိတယ်။ ခဏလေးပဲ အိပ်ပျော်သွားနိုင်ပြီး နေရောင်မမြင်ရခင်ကတည်းက သူမ နိုးနေခဲ့တာ။ စိတ်အေးချမ်းသာစွာ အိပ်ပျော်နိုင်ဖို့ ဆိုတာကလည်း ဒီရင်ခွင်က သူမအတွက် ခြောက်လန့်နေတာတွေ ရှိသေးတယ်မလား။
သူမမှာ နောက်ပြန်လှည့်စရာလမ်း မရှိတော့ဘူး။
"နိုးနေတာလား "
မော့မကြည့်မိပေမယ့် အနည်းငယ်အက်ရှရှဖြစ်နေတဲ့ သူ့အသံကို သဲသဲကွဲကွဲကြားရတယ်။ တကယ်က အနားမှာ သူပြန်ရောက်နေပါတယ်လို့ မယုံကြည်နိုင်သေးတာ။ သူမ ခေါင်းငြိမ့်ပြတော့ လက်တစ်ဖက်က သူမဆံပင်တွေကြားထဲ အသာအယာတိုးဝင်လာသည်။
သူမက အရမ်းတွယ်ကပ်လွန်းနေမိတာ မဟုတ်ဘူးလား။ နှုတ်ကနေတောင် ထုတ်မပြောနိုင်ဘဲ သူထပ်ထွက်သွားမှာကို စိုးရိမ်နေမိတာ သနားစရာမကောင်းဘူးလား။ ပိုဆိုးတာက အဲ့လူကို သူမ မပိုင်ဘူး။
"ဒီရက်ထဲ အဆင်ပြေရဲ့လား "
ဆံပင်တွေဆီကနေ သူမပခုံးတစ်ဖက်ပေါ်ကို သူ့လက်နေရာပြောင်းသွားတယ်။ စက်ဝိုင်းပုံစံတွေ လက်မနဲ့ဆွဲရင်း မသိရင် သူမအကြောင်းကို စိတ်ဝင်စားတဲ့အလား သူကမေးတယ်။
