Episode - 21

4.1K 481 41
                                    


[အပိုင်း ၂၁]
တစ်ယောက်ပျော်နေတဲ့ နာရီလက်တံတိုင်းမှာ
နောက်တစ်ယောက်က နာကျင်ဖို့ပိုနီးကပ်လာတယ်။

X

နေရာတိုင်းမှာ မြင်နေရတဲ့ နှင်းဖြူဖြူဖွေးဖွေးတွေအတွက် စန်တာကလော့မှာ တာဝန်ရှိတယ်လို့ ငယ်ငယ်တုန်းက ကလေးအတွေးနဲ့ သူမ တွေးဖူးတယ်။ စန်တာကလော့က လက်ဆောင်တွေလာပေးရင်း ဒီနှင်းတွေကို တစ်ခါတည်း သန့်ရှင်းရေးလုပ်သွားပေးရင် ကောင်းမယ်လို့လည်း ရူးကြောင်ကြောင်နဲ့ စဉ်းစားဖူးပါတယ်။

အလယ်တန်းရောက်တော့ နှင်းတွေကြောင့် ခြေချော်ပြီး ပြုတ်ကျဖူးတယ်။ နာသွားလို့ ငိုမိရမယ့်အစား သူမက အေးစက်တဲ့နေရာကြီးမှာ ငုတ်တုတ်ထိုင်ပြီး ရယ်နေတာ။ ရပ်ကွက်ထဲကကလေးတွေ နှင်းတွေပစ်ပြီး ဆော့တာကို မကြီးမငယ်နဲ့ ဝင်ဝင်ပါရင်း ပုံဆွဲစာအုပ်ထက်မှာလည်း ဆောင်းရာသီမြင်ကွင်းပုံတွေ တဖြည်းဖြည်းများလာတယ်။

အဖေဆုံးတဲ့နှစ်က ခရစ်စမတ်မှာတော့ အမေရောသူမပါ ငြိမ်ငြိမ်လေး ရုပ်ရှင်ကြည့်ဖြစ်တာကလွဲလို့ ကွတ်ကီးလည်း မဖုတ်ဖြစ်၊ လက်ဆောင်လည်း မလဲဖြစ်၊ အပြင်ကိုလည်း လျှောက်မလည်ဖြစ်ကြ။ လွတ်သွားတဲ့ ကွက်လပ်တစ်ခုကို အရမ်းကျိုးပဲ့မသွားအောင် ထိန်းနေရင်းကပဲ သူမတို့တွေ အချိန်ကုန်သွားတယ်။

ဒီနှစ် ခရစ်စမတ်။
သူမအတွက် လူကြီးတစ်စိတ်တစ်ပိုင်း ဖြစ်လာစေတဲ့ ဒီခရစ်စမတ်ကို သူမ ဘယ်လိုဖြတ်သန်းရမလဲ။

ရူးမိုက်တဲ့ ဆုံးဖြတ်ချက်တစ်ခု၊ ကိုယ်တားထားတဲ့စည်းကို ကိုယ့်သဘောနဲ့ကိုယ် ပြန်ဖောက်လိုက်ပြီး ပျော်နေတာလို့ ဝန်ခံလိုက်ရင် လောကကြီးမှာ ရွံစရာအကောင်းဆုံးသူများ ဖြစ်သွားမလား။ သူမလည်း သာမန်လူငယ်တွေလိုပဲ ဘဝကို ဖြတ်သန်းချင်ပါတယ်။ နောက်ပြီး ဘဝကလည်း အဲ့အမျိုးသမီးနဲ့ မတွေ့ခင်ကအထိ သာမန်ပဲရှိသေးတယ်။

သူနဲ့တွေ့ပြီးမှ ဘဝက အကုန်တလွဲတွေဖြစ်ပြီး အမှားတွေ လုပ်နေမိလည်း သူမက အဲ့ဘဝမှာ ပျော်နေတယ်။

ဒီတိုင်းပဲ.. သူမလည်း ပျော်ချင်ရုံပါ။ အဲ့ခံစားချက်ရဲ့နောက် ကန့်လန့်ကာ အကွယ်လေးမှာ ဒီထက်ပို နက်နဲသွားတဲ့ ခံစားချက်တွေ ပါနေတာတော့ သူမ တားမရလိုက်ဘူး။

PlayWhere stories live. Discover now