မနက်ခင်း အလင်းရောင်ရပြီဆိုသည်နှင့် စံလင်း အိပ်ရာထကာ ဆောင်ရွက်ရမည့်အမှုတို့ကို ဦးစွာပြုလုပ်နေမိသည်။ အိပ်ရေးဝစွာအိပ်ခဲ့၍ ခြေထောက်မှ ဒဏ်ရာသည်လည်းသက်သာသည်မို့ ယခုအခါ နေ့လည်စာအတွက်စီိစဉ်နေရသည်။ စနေနေ့ဖြစ်သည်မို့ကျောင်းအတွက်တော့ပူစရာမလိုပေ။
မိခင်ဆီမှ မတောက်တစ်ခေါက်တတ်မြောက်ဖူးသည့် ဟင်းချက်နည်းအနည်းငယ်နှင့် ဖခင်ဆီမှ သင်ယူဖူးသည့် ကြက်ဥ၊ ဘဲဥ ချက်နည်းတစ်ရာကိုနေ့လည်စာနှင့် ညစာ အတွက်အသုံးချရမည်လေ။
မည်မျှပင်မကောင်းခဲ့ဟုဆိုစေကာမူ မိဘပင်ဖြစ်သည်မို့ တစ်ခါတရံ စံလင်း အဖေ့ကို သတိရပါသည်။ ဤအိမ်၊ ဤအဆင်မြင့်တိုက်ခန်းတွင် အဆင်ပြေစွာ နေထိုင်နေရတိုင်း အဖေ့ကိုလည်း ဤကဲ့သို့ထားချင်သည်။ ယခင်က သစ်သားအိမ်ယိုင်နဲ့နဲ့ကလေးက မိုးရွာတိုင်း မိုးရေစိမ့်တတ်လေတော့ ကိုယ်ခံအားမကောင်းသည့်အဖေက အမြဲပင် အအေးမိလေ့ရှိသည်။ ဤကဲ့သို့ လုံလုံခြုံခြုံတိုက်ခန်းကလေးတွင်သာ အဖေ့ကို ထားနိုင်ခဲ့ပါက အဖေလည်း ထိုရောဂါဒဏ်ကို ယခုလောက်ခံစားရမည်မထင်ပါလေ။
တီ တီ တီ
"ဟဲလို"
"စံလင်း...တနင်္လာနေ့ကျ fresher welcome ဖိုးကောက်မယ်တဲ့ ငါတို့မေဂျာကတော့။ အဲ့ဒါ မင်း ပိုက်ဆံထည့်ခဲ့ဦး"
လက်ထဲတွင် ငွေများများစားစားကိုင်လေ့မရှိသော သူ့အကျင့်ကိုသိနေသောကြောင့် ဇံထူးက အချိန်မှီသတိပေးခြင်းဖြစ်လိမ့်မည်။
"အဲ့ဒီနေ့ နောက်ဆုံးတဲ့လား ဟေ့ကောင်"
"မဟုတ်လောက်ဘူး"
"အေးအေး။ သတိပေးတာ ကျေးဇူးကွာ"
သတိတရဆက်သွယ်ကာ အသိပေးလာသော ဇံထူးကို ကျေးဇူးတင်မိသော်လည်း ထိုသတင်းစကားကြောင့် သူလုပ်လက်စတို့ နှောင့်နှေးကုန်သည်။
လကုန်ရက်လိုသေးသည်မို့ စာသင်နေသောကလေးများဆီမှလည်း လခမရရှိသေးပေ။ တစ်စွန်းတစ်စကြားမိသော သတင်းများအရ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့မလိုက်လျှင်လည်း စရိတ်တစ်ဝက်တော့ ကျခံရသည်ဟူ၍။ လဝက်နီးပါးကျန်သေးသည်မို့ သည်ကြားထဲ ငွေရနိုင်မည့် အခွင့်အလမ်းကိုသာ စဉ်းစားနေမိတော့သည်။
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️