ကမ္ဘာမြေကြီးပေါ်မှ လူသားတစ်ဦး လျှော့နည်းသွားခဲ့ပြီဟု ဆိုကြပါစို့။ သက်ဆိုင်သူ၊ ဆက်နွယ်နေသူတို့ကတော့ ထွက်ခွာသွားသူကို သတိတရ ရှိနေကြမည်မှာ မလွဲဧကန်ဖြစ်သော်လည်း အရာရာကတော့ မပြောင်းမလဲ၊ ဤစက်ယန္တရားကြီးက ပုံမှန်လည်ပတ်လို့နေဆဲ။
" သတင်းစာ ရောက်ပြီ"
နေ့စဉ် မနက်ခင်းအစောပိုင်းတွင် ရောက်လာနေကျ သတင်းစာပို့သူ ဦးလေးကြီးက ခေါင်းလောင်းကြိုးဆွဲကာ သတင်းစာကလေး ထည့်သွားသည်အထိ ယန္တရားဟာ ပုံမှန်လည်ပတ်လို့နေသည်။
"နွားနို့ စစ်စစ်တွေ"
တိုက်တန်းရှေ့မှ အမြဲတစေဖြတ်နေကျ နွားနို့သည် အန်တီကြီးကလည်း ပုံမှန်အတိုင်း တက်ကြွနေဆဲ။ သူတို့အဖို့သာ တစ်ပတ်တာဟူသော အချိန်ကာလက ရှည်လျားစွာ ကုန်ဆုံးခဲ့ခြင်းလေလား။
လူတစ်ကိုယ် ဘဝကိုယ်စီဖြင့် ဖြတ်သန်းနေရသော လောကကြီးတွင် ထားခဲ့သူနှင့် ကျန်ရစ်သူသာ ကွဲပြားလိမ့်မည်။ မည်မျှ နှမြောတသကာ ဝမ်းနည်းနေပါစေဦး၊ ကိုယ်တိုင်ဘဝရှေ့ဆက်ရန်အတွက်တော့ နေ့စဉ်ပြုသမျှ အမှုတို့ကို တာဝန်နှင့်ဝတ္တရားအရ ပျက်ကွက်ခြင်းမရှိ ဆောင်ရွက်ရပေလိမ့်ဦးမည်။ ဤသည်မှာလည်း လူ့ဘဝပေကိုး။
" ပြည့်ဖြိုး မင်း ကျောင်းမသွားသေးဘူးလား"
"ခဏနေမှ"
"အေး အေး။ ငါသွားနှင့်မယ်နော်"
ဧည့်ခန်းတွင် မလှုပ်မယှက်ထိုင်ကာ စီးကရက်ဖွာနေရှာသည်။ မျက်လုံးအစုံသည် ဝမ်းနည်းမှုကြောင့် ရီဝေနေသလို မခံမရပ်နိုင်ဖြစ်နေပြန်၏။ အရင်းနှီးဆုံး သူငယ်ချင်းကို ဆုံးရှုံးခဲ့ရ၍ ပြည့်ဖြိုး ဝမ်းနည်းနေလိမ့်မည်။ ထိုအတူ နှုတ်ဆက်ချိန်ရောက်သည်အထိ ဆက်ဆံရေးမကောင်းခဲ့သူများဖြစ်ခဲ့၍ ခံပြင်းကာ နှမြောတသဖြစ်နေလိမ့်မည်။
"ဒီ တစ်လိပ်ကုန်ရင် လိုက်ခဲ့တော့နော်"
ပြာခွက်အတွင်း သုံးလေးလိပ်ဆင့်နေသည့် စီးကရက်တို့ကို မျက်ကွယ်ပြုရင်း သတိပေးကာကျောင်းသို့ ထွက်ခဲ့လိုက်တော့သည်။ သည်ရက်တွေတော့ ရှိပါစေတော့လေ။
أنت تقرأ
ချည်တိုင် [ Philophobia ]
أدب المراهقينNeither love nor be loved........ Art : @CitaminArt❣️