မိုးအကုန်ဆောင်းအကူးရာသီဖြစ်သည်မို့ ပြူတစ်ပြူတစ် နေမင်းကြီးက မြူခိုးတို့အကြား တစ်ဝက်တပျက် ပုန်းလျှိုးကွယ်လျှိုးဖြင့် အလင်းရောင်ဖြာကျလို့နေသည်။
"သား မင်းမောနေပြီလား"
ယောက်ျားလေးဆိုလျှင် ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်ရှိရမည်ဟူသော ဖခင်ဖြစ်သူ၏ တထစ်ချယုံကြည်မှုကြောင့် မနက်ခင်းလေ့ကျင့်ခန်းကို အကြောင်းအရင်းမရှိပုံမှန်လုပ်နေရသည်မှာ ယခုဆိုလျှင် နှစ်နှစ်နီးပါးပင်ပြည့်တော့မည်။ ဇံထူး ကျောင်းပြောင်းကတည်းက ဆိုပါတော့။
" ရတယ် အဖေ"
ဤကဲ့သို့ လေ့ကျင့်ပေးမှုများကြောင့်လည်း အသက်တစ်ဆယ့်လေးနှစ်သာရှိသေးသည့် ပြည့်ဖြိုးဟန်သည် အရွယ်နှင့်မလိုက်ဖက်စွာ ရှည်လျားသောအရပ်အမောင်းနှင့် တောင့်တင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ယောက်ျားပီသသော လူပျိုပေါက်ကလေးအဖြစ် ကောင်းမွန်စွာ အရွယ်ရောက်နေလာခဲ့ပြီမလား။
" မိုးရွာတော့မယ်ထင်တယ် သားရေ။ တော်လောက်ပြီ။ ပြန်စို့"
ကျုံးအရှေ့ဘက်တွင်ရပ်ထားသည့် ဆိုင်ကယ်လေးပေါ် ဦးဖြိုးအောင်က လှမ်းတတ်တော့ ပြည့်ဖြိုးဟန်က အနောက်မှ အလိုက်တသိ ခွလျှက်လိုက်ပါလာရသည်။
မြို့တွင်းလမ်းကို ဖြတ်မောင်းရင်း အိမ်ရှိရာ မြောက်အရပ်သို့မျက်နှာမူမိတော့ မည်သည့်အချိန်ဖြစ်စေ မရိုးလှသော မြင်ကွင်းဖြစ်သည့် မန္တလေးတောင်ကြီးက လွမ်းဆွေးဖွယ် မှိုင်းညို့စွာ....
" အဖေ... အမေနဲ့ စကားပြောပြီလား"
ဆိုင်ကယ်သံ၊ လေသံ နှင့် ကားသံတို့ကြား ပြည့်ဖြိုး အသံကို မြှင့်ကာ ဖခင်ဖြစ်သူကို မရဲတရဲ မေးလိုက်မိသည်။ သို့သော်လည်း အတန်ကြာသည်အထိ အဖြေကတော့ရှိမလာခဲ့သည်မို့ သူ ဆိတ်ဆိတ်နေရင်းသာလိုက်လာမိတော့သည်။
ဘေးဘီမှ ဖြတ်ကျော်သွားသည့် ကားများမှ လေသံတို့ကလွဲ၍ အရာရာ တိတ်ဆိတ်လျှက်။ ဦးဖြိုးအောင်သည်လည်း ရိုးရာမပျက်ဆိတ်ဆိတ်သာ နေလို့....
"ပြန်လာကြပြီလား"
ခြံဝန်းမှဝင်ကာ အိမ်အဝင်ဝတွင် ဆိုင်ကယ်ကလေး ထိုးရပ်လိုက်သည်နှင့် တစ်ပြိုင်နက် မိခင်ဖြစ်သူ၏ အနှစ်မပါသော အပေါ်ယံစကားသံတို့က ဦးစွာဆီးကြိုသည်။ ဤသည်မှာလည်း ထုံးစံပါပဲ။
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️