"စံလင်း စံလင်း"
အိပ်မှုန်စုံမွှားဖြင့် သူမျက်လုံးဖွင့်ကြည့်လေတော့ အသံလာရာက အိမ်ရှေ့ခန်းမှဖြစ်နေသည်။ အနားရှိဖုန်းမှ နာရီကတော့ မနက်ရှစ်နာရီတိတိကို ညွှန်ပြလျှက်။
ရုံးပိတ်ရက်တွင်သာ အိပ်ရေးဝဝ အိပ်ရသည့် သူ့အဖို့ တနင်္ဂနွေနေ့၏ မနက်ခင်း ရှစ်နာရီဟူသည်က အမှန်ပင် အိပ်ကောင်းနေသည့်အချိန်၊ တစ်နည်းအားဖြင့် မက်လက်စ အိပ်မက်ကလေးပင် ကောင်းခန်းရောက်လုဆဲဆဲကာလ။
"ဘယ်သူလဲ"
အိပ်ရာမှလူးလဲထကာ အဝတ်အစားတို့ကိုပြုပြင်ရင်း အိမ်ရှေ့ခန်းဆီထွက်လာမိတော့ ဖိနပ်ချွတ်လှေကားတွင်ရပ်နေသည့် အမျိုးသမီးနှစ်ဦး။ တစ်ဦးကား သူတို့ရပ်ကွက်၏ မနက်ခင်းအတွက်မရှိမဖြစ် ၊ ပဲပြုတ်သည် အန်တီကြီး၊ တစ်နည်း ရပ်ကွက်မှ အင်တာနက်ဟုပင် ခေါ်တွင်သည့် ဒေါ်စိန်လှ။ ကျန်တစ်ဦးကတော့ သူတို့ ရပ်ကွက်မှဟုတ်ပုံမပေါ်လှ။ အဝတ်အစား သားနားစွာ ဝတ်ထားသည့် လူကုံထံ အမျိုးသမီးတစ်ဦးဖြစ်နေသည်။
"ဒေါ်စိန်လှ ဘာကိစ္စရှိလို့လဲဗျ"
"နင်ကဟယ် ပြီးမှ စပ်စု။ ဒီက ညီမလေးက နင့်အိမ်ကို မေးလို့ ငါလိုက်ပို့ပေးတာ"
တိုင်တွင်ချိတ်ထားသည့်သော့ကိုယူကာ သံပန်းကိုဖွင့်ပေးလေတော့မှ နှစ်ဦးသား အလျင်အမြန် အိမ်ထဲဝင်လာကြသည်။ ထိုအမျိုးသမီးက မြန်မာဝတ်စုံကို ကြွကြွရွရွဝတ်ထား၏။ ဆံပင်တိုနှင့်ဖြစ်စေကာမူ အသက်အရွယ်နှင့်လိုက်ဖက်သည့် ကျက်သရေရှိမှုတို့ကတော့ လျော့မသွားပေ။
"မင်း အန်တီ့ကို မှတ်မိလား"
ခပ်ပြတ်ပြတ်ထွက်လာသည့် အသံတို့က ရင်းနှီးသည်ဟု ခံစားရသည့်တိုင် မည်သူမည်ဝါဖြစ်ကြောင်း စံလင်း မသေချာ။ ခပ်ရေးရေးစဉ်းစားမိသမျှ မှတ်ဉာဏ်တွေထဲ ဤအမျိုးသမီးကရှိမနေပါ။
"စိတ်မရှိပါနဲ့ အန်တီ။ ကျွန်တော် မမှတ်မိလို့"
"ယဉ်မင်းဟန်။ အန်တီ့နာမည် ဒေါ်ယဉ်မင်းဟန်။ မင်းသိအောင်ပြောရရင်တော့ ပြည့်ဖြိုးဟန်ရဲ့အမေပေါ့"
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️