(၁၄)

12.6K 1.4K 126
                                    

ညနေခင်းအချိန်အခါသည် လေအဝှေ့တွင်ပါလာသည့် နေမင်း​၏ရနံ့ဖြင့်အဆုံးသတ်​၏။ ပုစွန်ဆီရောင်ဟု တင်စားကြသည့် နေဝင်အိပ်တန်းတက်ချိန်သည် အမှန်ပင် လှပနေသည်ကတော့ ငြင်းဖွယ်ရာမရှိပါလေ။

ညနေစောင်းအချိန်ဖြစ်သည်မို့ ပတ်ဝန်းကျင်တွင် လူသံ၊ ကားသံတို့ဖြင့်ဆူညံလျှက်ရှိနေသည်။ အလုပ်ဆင်းသူတို့​၏ အိမ်ပြန်ချိန်ကလေးက တစ်နေ့တာ စကားမပြတ်သညိ့နှယ် ဆူဆူညံညံဖြင့်။

​အထပ်မြင့်ဖြစ်သည်မို့ ခပ်ယဲ့ယဲ့နေရောင်ကလေးက ကွန်ဒိုတိုက်ခန်းကလေး​၏ ဝရံတာသို့ အလင်းရောင် မှုန်ပျပျပေးနေ​သည်။ ဝရံတာတွင်တော့ တွေတွေငေးငေးထိုင်နေသော ကောင်လေးတစ်ဦးရှိနေသည်။ လက်ထဲတွင် ကိုင်ထားသော ဆေးလိပ်ကလေးက မီးတရဲရဲဖြင့်။ တိုက်ခန်းလေးအတွင်းမှာတော့ ပကတိ ငြိမ်သက် တိတ်ဆိတ်လျှက်လို့။

"ပြည့်ဖြိုးလား"

"သက်သာလား"

မရှေးမနှောင်းပေါ်လာသည့်မေးခွန်းကို အလိုက်သင့် ခေါင်းညိတ်ပြရင်း ဟိုဟိုသည်သည်ကြည့်မိသည်။

စံလင်း ခေါင်းထဲနောက်ကျိကျိဖြင့်နိုးလာခဲ့သည်မှာ မကြာသေးပေ။ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်ကိုက်ခဲနေသလို ခြေကျင်းဝတ်ဆီမှလည်း ခြေလှမ်း လှမ်းလိုက်တိုင်း ဆစ်ခနဲ၊ ဆစ်ခနဲခံစားနေရသည်။

" မင်း မနက်က အဖျားတွေတက်နေတာ"

မီးဖိုခန်းအတွင်းမှ အသံထွက်ပေါ်လာသည်မို့ စံလင်း အံ့ဩသွားရသည်။ ပုံမှန်ဆိုလျှင် ဧည့်သည်မရှိသည့်အိမ်လေးဖြစ်သည်မို့ သူအံ့ဩနေသည်မှာလည်း မဆန်းလှပေ။

"ဇံထူး မင်းက ဒီကို ဘယ်လို"

"မင်းကို အိမ်ပြန်ခေါ်လာရတာ ငါလေ။ မမှတ်မိဘူးလား"

စံလင်း သေချာစေရန်ပြန်လည်စဉ်းစားနေရ​၏။ တဖြည်းဖြည်း စဉ်းစားမိတော့ မနက်အစောပိုင်းက ကိစ္စရပ် ၊ အဖြစ်အပျက်တို့က ခေါင်းထဲသို့ အစီအရီ တိုးဝင်လာကြသည်မှာ ရုပ်ရှင်ပြဇာတ်တစ်ခုလို။

လှေကားမှ ခြေချော်ကျခြင်း၊ ယုယသွယ်ဆီမှ ပါးရိုက်ခံရခြင်း၊ နားနေခန်းတွင် ဇံထူး ဆေးလိမ်းပေးနေခြင်း ပြီးနောက် ပြည့်ဖြိုးဟန် ချော်လဲသည်ဟု သိရှိခဲ့ရခြင်း။

ချည်တိုင် [ Philophobia ]Where stories live. Discover now