"စုန်း ဒီနေ့ ညနေအားလား"
ကျောင်းတစ်ဖက်နှင့်ပြည့်ဖြိုး၊ ပြီးတော့အလုပ်တစ်ဖက်နှင့်သူ၊ ဤကဲ့သို့ဖြင့် သူတို့နှစ်ဦးနေ့တစ်တူမတွေ့နိုင်သည်ကလည်း အဆန်းတော့မဟုတ်ပါ။ သို့သော်လည်း နေ့လည်စာစားသည့်အချိန်တူသည်ကတော့ နှစ်ဦးစလုံးအလွတ်မခံနိုင်သည့် ဗီဒီယိုကောလ် ပြောချိန်ကလေးဟုသာ ဆိုကြပါတော့။
"ဒီညနေလား။ အားပါတယ်။ ဘာလို့လဲ"
"အဖေက တွေ့ချင်လို့တဲ့"
ပြည့်ဖြိုးဟန်စကားကြောင့် သူ ထိတ်ခနဲဖြစ်သွားမိသည်။ တစ်စုံတစ်ခု မကောင်းတာဖြစ်မည်ဟု စိတ်ခုနေရသည်မှာလည်း သဘာဝမကျသည့် ဆက်ဆံရေးတစ်ခုကို အစပြုချိန်ကတည်းက ဖြစ်နေကျ ခံစားမှုဟုသာဆိုရပေလိမ့်မည်။ သူ စိုးရိမ်သင့်သည်မလား။
" ကောင်လေးလား"
ထမင်းစားချိန်မို့ ရုံးပတ်ဝန်းကျင်ရှိ စားနေကျ ထမင်းဆိုင်တွင်သာ သူဝင်စားလေ့ရှိသည်။ တရုတ်တန်းမှ ထမင်းပေါင်းတစ်ပွဲ တစ်ထောင်ဟူသော ဆိုင်ကလေးနီးပါး ဈေးသက်သာသည့် ဤတရုတ်ဆိုင်ကလေးက ငွေအပိုမကုန်ချင်သူ စံလင်းအတွက်တော့ အလုပ်ဝင်ချိန်မှ အစပြုကာ ဖောက်သည်ဆိုင် ဖြစ်နေနှင့်ခဲ့ပြီ။
"ဟုတ်တယ် အာရီး"
ဆိုင်ရှင်အန်တီကြီးကို ရှက်ရှက်နှင့်ဖြေရင်း ပြည့်ဖြိုးကို စကားဆက်ရသည်။ အန်တီကြီးကတော့ ယခုတိုင် ပြုံးရုံကလေးပြုံး၍ အကဲခတ်နေဆဲ။
"ပေါင်ပေါင် ဘယ်ရောက်သွားတာလဲ။ ဟဲလို"
ဖုန်းပြောနေရာမှ လူပျောက်သွား၍ သူရှာကြည့်မိတော့ ကျောင်း၏ကန်တင်းကိုသာမြင်ရသည်။ ပြည့်ဖြိုးဟန်ကိုတော့ လူ အရိပ်အယောင်ပင်မတွေ့ရတော့။
"ဟေ့ကောင် ပေါင်ပေါင်"
မည်မျှပင်ခေါ်စေကာမူမတွေ့တော့သည်မို့ စံလင်း ဖုန်းချလိုက်ရတော့၏။ စိတ်ထဲမှာတော့ မတင်မကျဖြင့်သာ။
"အာရီး ဒီမှာ ပိုက်ဆံနော်"
"ဟဲ့တော်ပြီလား"
"ဝပြီ အာရီး"
လေးငါးဇွန်းသာစားပြီးသော ပန်းကန်လေးကို ထားကာ ရုံးခန်းရှိရာသို့ပြန်လျှောက်လာလိုက်သည်။ လမ်းတစ်လျှောက်တော့ သွားလာနေသူတချို့ကလွဲ၍ အနည်းငယ်ရှင်းလင်းနေဆဲ။ မွန်းတည့် ဆယ့်နှစ်နာရီဆိုသည်က အပြင်ထွက်ရန်မသင့်တော်သည့်အချိန်ပေမလား။
أنت تقرأ
ချည်တိုင် [ Philophobia ]
أدب المراهقينNeither love nor be loved........ Art : @CitaminArt❣️