(၇)

14.3K 1.7K 111
                                    

ရပ်ကွက်တို့ ဓလေ့ထုံးစံအတိုင်း မပြောင်းလဲဘဲ ကြော်လှော်ချက်ပြုတ်သံ၊ စျေးသည်တို့​၏ အသံ စသည်တို့ဖြင့် အသက်ဝင်နေလေတော့သည်။ သို့ရာတွင် မနက်မိုးလင်း အလင်းရောင် ရချိန်မှအစပြုကာ မကျေမချမ်း ညီးတွားသံတို့ဖြင့် တစ်နေ့တာကို အစပြုလေ့ရှိသည့် ပျဉ်ထောင်အိမ်ကလေးကတော့ ထူးဆန်းလွန်းစွာ ယမန်နေ့များနှင့်မတူ ယခုအချိန်တိုင် တိတ်ဆိတ်လို့နေ​၏။

"ကိုရီးက မီးမီးတို့နဲ့မနေတော့ဘူးလား"

မိထွေးဟူသောအမျိုးသမီးအား စံလင်းအမြင်မကြည်သည့်တိုင် ဖခင်၏သွေးသားရင်းဖြစ်သည့် ညီမလေးကိုတော့ သူချစ်သည်။ မီးမီးကလည်း သူ့အား အစ်ကိုအရင်းကဲ့သို့ပင် ချစ်ခင်အားကိုးသလို သံယောဇဉ်လည်းရှိ​လေသည်။

"မနေတော့တာ မဟုတ်ဘူး မီးမီးရဲ့။ ကိုကြီးက လုပ်စရာရှိလို့ ခဏသွားရမှာ"

"ကိုရီးမရှိရင် မီးမီးတော့ပျင်းနေတော့မှာပဲ"

ငါးနှစ်အရွယ် ချစ်စရာ ညီမလေးသည် ထိုကဲ့သို့တီတီတာတာပြောရင်း မျက်ရည်တို့ပင် ဝဲနေပြန်သည်မို့ စံလင်း မနေသာတော့။

"ခဏ ခဏ ပြန်လာတွေ့မယ်လေ။ မီးမီးပျင်းရင် ကိုကြီး ဝယ်ပေးထားတဲ့ အရောင်တုံးလေးနဲ့ဆော့ပေါ့။ ဟုတ်ပြီလား"

"ခဏခဏ လာတွေ့နော်"

"စိတ်ချကွာ။ မီးမီးသာ လိမ်လိမ်မာမာနေနော်။ မေမေ့စကားလည်းနားထောင်ရမယ်နော်၊ ဟုတ်ပြီလား"

"အဲ့ဒီလိုဆို ကိုရီးက မီးမီးတို့နဲ့ ပြန်လာနေမှာလား"

"ဒါပေါ့ မီးမီးရဲ့"

ကလေးငယ်လေးများ​၏ စိတ်ကို သူ့ကဲ့သို့ မနာကျင်စေချင်ပါ။ ထို့ကြောင့် အဖြူရောင် မုသားစကားတို့ကို ဆိုခဲ့မိသည်။ ညီမလေးအသက်အရွယ်တစ်ခုရလာတဲ့ အခါ မှာတော့ သူ့ကို နားလည်နိုင်လောက်ပါရဲ့။

"သွားမယ်ဆိုလည်း မြန်မြန်ကြွဟေ့။ တော်ကြာ ငွေလာချေလို့ နင့်ကိုမြင်သွားရင် ငါတောင်းသလောက်ပေးချင်မှာမဟုတ်တော့ဘူး"

အမျိုးသမီးကြီးသည် ပြောထွက်သွားသည့်စကားက မပြောသင့်သည့်စကားကဲ့သို့နှယ် နောင်တရစွာ ချက်ချင်းရပ်ပစ်လိုက်​၏။

ချည်တိုင် [ Philophobia ]Where stories live. Discover now