စာသင်နှစ်တစ်နှစ်၏ ပထမဦးဆုံး
ကျောင်းတက်ရက်ဖြစ်သည်။စံလင်းတို့ကိုယ်တိုင်ပင် စီနီယာဟူသော ရာထူး၊ တံဆိပ်တို့ဖြင့် ကြွကြွရွရွကျောင်းတက်ရတော့မည့် နှစ်တစ်နှစ်ဆိုလျှင်လည်း မမှားလှ။
" ပြည့်ဖြိုး ငါဒီနေ့ မင်းနဲ့လိုက်ခဲ့လို့ရလား"
"ဘာလို့လဲ"
"လုပ်ပါကွာ။ ဒီနေ့ နည်းနည်း နေမကောင်းချင်နေတော့ စက်ဘီးလည်း မနင်းချင်ဘူး။ နော် ဟေ့ကောင်။ ငါလိုက်ခဲ့မယ်နော်"
ကာယကံရှင် ခွင့်ပြုသည် ခွင့်မပြုသည်ကိုအပထား၊ စံလင်းကတော့ ကားလေးပေါ်စွေ့ခနဲတက်ကာ အခန့်သားထိုင်ပြီးသားဖြစ်နေလေပြီ။
" စုန်း ခါးပတ် ပတ်"
ကားလေးက ရေကျော် စီးတီးမတ်ကိုကျော်လွန်ကာ ဗိုလ်ချုပ်လမ်းအတိုင်း မောင်းနှင်လျှက်ရှိနေ၏။ စာသင်နှစ် အသစ်တစ်ခု၏ ပထမဦးဆုံးနေ့စွဲဖြစ်သည်မို့ အရာရာကတော့ လန်းဆန်းသစ်လွင်လို့။
" ဟေ့ကောင် ဟိုနေ့က ဒီနားမှာလေ"
ကားမောင်းနေသည့် ပြည့်ဖြိုးဟန်ကို ဘေးနားမှ စံလင်းသည် ယခင်က မပြောခဲ့ရသမျှ အတိုးချနေသည့်နှယ် စကားတတွတ်တွတ်ပြောရင်း အဖော်ပြုပေးနေပြန်၏။
ဒုတိယနှစ်စတင် တက်ရောက်ရမည့်နှစ်သို့ရောက် ရှိခဲ့သလို စံလင်းတို့နှစ်ဦး၏ ဆက်ဆံရေးသည်လည်း အချိန်နှင့်တပြေးညီ တစ်စတစ်စပြောင်းလဲလာခဲ့သည်ဟု ဆိုရမည်။ ပြည့်ဖြိုးဟန်၏ ယခင်ကကဲ့သို့ ဟေ့ကောင် ၊ ဟိုကောင် သို့မဟုတ် အခိုင်းခံ ဟုခေါ်သံအစား "စုန်း" ဟူသော အမည်နာမက အစားထိုးဝင်ရောက်လာ၏။ တိတိကျကျပြောရလျှင် ဇံထူးနှင့်သုံးဦးသားဆုံတွေ့မှုနောက်ပိုင်းက စတင်သည် ဆိုပါတော့။
အကြောင်းအရင်းကို မေးမြန်းလျှင်လည်း နေ့မအား ညမအား ၊ အမြဲတစေ အလုပ်နှင့်လက်မပြတ်တတ်သူမို့ "စုန်း" ဟု ခေါ်ကြောင်း ပြည့်ဖြိုးက မဆီမဆိုင် ရှင်းပြလိမ့်ဦးမည်။
"ဟာ ကျောင်းသားကတ် မေ့လာပြီ"
ကျောင်းအနီးတဝိုက်ရောက်ကာမှသာ သတိရလေ့ရှိသည့် ကျောင်းသားကတ်ကိစ္စက မရိုးရလေအောင် ယနေ့လည်း စံလင်းမေ့လာပြန်၏။
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️