ကျောင်းဝင်းအတွင်း ဟိုမှသည်မှ သွားလာနေသော ကျောင်းသား၊ ကျောင်းသူများမှ အပ အနည်းငယ်ရှင်းလင်းလို့နေသည်။
သောကြာနေ့ဖြစ်သည်မို့ ဆရာ၊ ဆရာမများကတော့ ယူနီဖောင်းကလေးများဖြင့် တင့်တယ်နေလို့။
" မင်္ဂလာပါ တီချယ်"
"အေးကွယ်"
အတန်းတာဝန်ခံဆရာမကို တစ်ချက်နှုတ်ဆက်ရင်း စက်ဘီးလေးဆက်တွန်းလာမိတော့ ကန်တင်းအရှေ့ ကားရပ်နားကွင်းက ကုက္ကိုလ်ပင်ကြီးအောက်တွင် ဝိုင်းဖွဲ့ကာ စကားစမြည်ပြောဆိုနေကြသည့် ကျောင်းသားအုပ်စုတစ်စု ရှိနေသည်ကို လှမ်းတွေ့ရသည်။ မျက်နှာစိမ်းများမဟုတ်သည့်တိုင် သူ့ကို ရွံရှာဖွယ်ကြည့်နေသည်မို့ မျက်နှာလွှဲရင်း စက်ဘီးရပ်ရန်ပြင်ရ၏။
" မင်းတို့ မေဂျာကမလား"
"အေးကွာ။ ပထမနှစ်တဲ့။ မေဂျာသိက္ခာကျတယ်"
နံဘေးဆီမှ ဖြတ်လျှောက်သွားသည့်သူ့ကိုကြည့်ရင်းအုပ်စုထဲမှ တစ်ယောက်က နှာခေါင်းရှုံ့ကာပြောသည်။
"မင်းလည်း သတိထားဦး။ ဆွဲစားခံနေရဦးမယ်"
"ထွီ နေစမ်းပါကွာ"
"ဟား ဟား ဟား"
အမည်နာမတပ်ကာ ပြောဆိုခြင်းမဟုတ်သည့်တိုင် စံလင်းကိုသာရည်ရွယ်နေကြောင်း ကိုယ်တိုင်သဘောပေါက်လိုက်သည်။ "ချိတ်နှင့်ချိတ်မှငြိ"ဆိုသည့်စကားအတိုင်း မသိချင်ယောင်ဆောင်ကာ ပြဿနာကို ခေါင်းရှောင်လိုက်ရသည်။ စီနီယာများဖြစ်နေသည်က တစ်ကြောင်း စကားကြောင့် အသားနာသွားသည်လည်း မဟုတ်သည်ကတစ်ကြောင်းမို့ သူလျစ်လျူရှုလိုက်ခြင်းဆိုလျှင်လည်း မမှားပါ။
"ဂေးဆိုးလေးကွ နော်"
" သဘောကျလို့လား မင်းက"
" ချစ်တော့ချစ်စရာလေးကွ"
စက်ဘီးဒေါက်ထောက်နေရင်း နောက်ကျောဘက်ဆီမှ စကားတို့ကြောင့် စံလင်း အံကိုတင်းတင်းကြိတ်ထားရုံမှတပါး။
" ခင်ဗျားကရော ဂေးလား"
ရင်းနှီးနေသည့်အသံပေမို့ စံလင်း လှည့်ကြည့်မိတော့ ထင်သည့်အတိုင်း ဇံထူးနှင့် ထိုစီနီယာတို့ အချေအတင်ဖြစ်ဖို့ စတင်နေကြပြီ။
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️