(၂၁)

13.7K 1.4K 171
                                        

" ပြည့်ဖြိုး မင်းဘာပြောလိုက်တာလဲ"

ကျောင်းသွားခါနီးဆဲဆဲ ပြည့်ဖြိုးဟန်​၏ စကားတို့ကြောင့် စံလင်းစိတ်ထဲမရိုးမရွဖြစ်လာရသည်။

" မင်းနဲ့ဇံထူးကိစ္စ"

"ဘာဖြစ်လို့လဲ ဇံထူးက"

"မသိလို့မေးနေတာလား"

ရွှေပြည်တွင်ဖြစ်ခဲ့သည့်ကိစ္စတို့ကို မေးမြန်းနေမှန်းသိသော်လည်း စံလင်းအဖြေမရှိပါ။ တစ်ခါက သူငယ်ချင်းတွေပါဟုပြောခဲ့တုန်းက ပြည့်ဖြိုးမယုံကြည်ခဲ့သလို ယခုအခါ ထိုနည်း၎င်း ပြောပြလျှင်လည်း ယုံကြည်မည့်ပုံမပေါ်ပါလေ။

" ငါတို့က ဒီတိုင်း သူငယ်ချင်းတွေလို့ မင်းကိုပြောပြဖူးတယ်လေ။ သံယောဉ်တော့ရှိတာပေါ့"

"အခုထိလား"

ယခုတိုင် လွယ်အိတ်ကလေးဘေးချကာ ဆေးလိပ်သောက်နေသည့် ပြည့်ဖြိုးက သာမန်နေ့များထက်အေးဆေးနေ​၏။ သူအားမရပါ။ တစ်စုံတစ်ခုဆိုလျှင် ပွင့်လင်းမှုမရှိသည့် ပြည့်ဖြိုးက ယခုအခါတွင်ရော မည်သည့် အကြောင်းအရာကို သိရှိချင်နေသနည်း။

"ပြည့်ဖြိုး"

စီးကရက်ကိုတစ်ချက်ဖွာသည်။ ပြီးနောက်လေးကွေးစွာ မှုတ်ထုတ်သည်။ ဆေးလိပ်တစ်လိပ်ကိုပင် ဤသို့အရသာခံသောက်တတ်သည့်လူသား။

"ပြော"

"ဟိုနေ့က တကယ် ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး"

"အေးပါ မလိုမှန်းသိပါတယ်။ ဒါပေမဲ့ သိစေချင်လို့"

တိုက်ခန်းလေးအတွင်း ပြင်ပမှ သွားလာလှုပ်ရှားသံများမှအပ ပကတိတိတ်ဆိတ်သွားပြန်သည်။ ကားသံ၊ လူသံများကိုအကြောင်းမဲ့နားစွင့်မိတော့ နာရီလက်တံရွှေ့လျားသံ တစ်ချောက်ချောက်က အခန်းထဲ ဆူညံစွာ ပျံ့လွင့်လာသည်ကို သတိရသည်။

" မင်း ကိစ္စတွေ ဘယ်လိုရှင်းမလဲ"

လူကိုတစ်ချက်မကြည့်ပါဘဲ ပြည့်ဖြိုးက စကားစ​၏။ စောန စီးကရက်ကလေးကတော့ ပြာခွက်ထဲမီးပင်ညိမ်းလို့။

"ဘာကိုလဲ"

" မင်း ရေကန်ထဲပြုတ်ကျတာ သွေးရိုးသားရိုးလို့ ထင်လို့လား"

ချည်တိုင် [ Philophobia ]Where stories live. Discover now