ပင်လယ်အော်သံတို့မြည်ဟီးလို့နေသည်။ ရေလှိုင်းကလေးများ ကမ်းစပ်ကိုလာရောက် ပုတ်ခတ်သည့်အသံတို့ကကျယ်လောင်စွာ။ ပတ်ဝန်းကျင်တစ်ခွင်သည် လေသံ၊ ရေသံ၊ ငှက်အော်သံတို့မှအပ လူသူလှုပ်ရှားမှုမရှိ၊ ပကတိငြိမ်းချမ်းစွာ တည်ရှိနေလို့။
သစ်သားမျှော်စင်ကလေး၏ အောက်ခြေရင်းတွင် Tent လေးတစ်ခုရှိနေသည်။ နေရောင်ခြည်နွေးနွေးက အပင်များကြားမှ ထိုတဲငယ်လေးပေါ်သို့ ဖြာကျနေလျှက်။
စိတ်အစဉ်တို့ကြည်လင်စွာ စံလင်းနိုးလာခဲ့သည်။ ဘေးဘီကိုကြည့်မိတော့ ပြည့်ဖြိုးဟန်ကရှိမနေ၊ ဖုန်းလေးသာရှိနေသည်မို့ ဖုန်းလေးကိုင်ရင်း သူလူးလဲထကာ အပြင်ထွက်လာမိပါရဲ့။ ထအ်ပျောက်သွားမှာစိုးသည်လေ။
အပြင်ဘက်ပတ်ဝန်းကျင်က အမှန်ပင်သာယာလျှက်ရှိနေသည်။ မြို့ကြီးပြကြီးတွင် မနက်ရှစ်နာရီဟူသည့်အချိန်က သွားလာလှုပ်ရှားသံများဆူညံနေသော်လည်း ဤနေရာတွင် ရေလှိုင်းပုတ်သံခပ်ကျယ်ကျယ်ကလွဲ၍ ဘာဆိုဘာမျှမကြားရ။
"ပြည့်ဖြိုး"
ကမ်းစပ်တွင် အေးချမ်းစွာလမ်းလျှောက်နေသည့် ထိုလူသား။ သူခေါ်သည်ကို ကြားပုံမပေါ်သည့်တိုင် ကင်မရာတစ်လုံးနှင့် အလုပ်ရှုပ်နေတော့သည်။
"ငပြည့် မင်း အစောကြီးနိုးနေတာလား"
သူ့အသံကြောင့်ပြည့်ဖြိုးက ပြုံးကာလှည့်ကြည့်လာသည်အထိ သူပြည့်ဖြိုးကို အကြည့်ချင်းမဆုံရဲသေး။
"နိုးပြီလား"
"အင်း။ အရင်နိုးတာကို မနှိုးဘူး။ ရော့ ဒီမှာ မင်းဖုန်း"
ဖုန်းလေးကို ကမ်းပေးလေတော့ ပြည့်ဖြိုးက ဖုန်းကိုတစ်လှည့် သူ့ကိုတစ်လှည့်ကြည့်ရင်းပြုံးပြန်သည်။
"ဖွင့်ကြည့်လိုက်သေးလား"
"မဖွင့်ပါဘူး။ ငါ မစပ်စုတတ်ဘူး"
စံလင်းစကားကြောင့် ပြည့်ဖြိုးဟန်က ဒုတိယမ္ပိပြုံးပြန်သည်။ ထိုလူသားက ယခုကာမှ အပြုံးကို ခံစားတတ်သည့်နှယ်။
"ဒီမှာ"
ဖုန်း၏ လော့စခရင်မ်ပေါ်ရှိ ဓာတ်ပုံလေးတစ်ပုံကြောင့် စံလင်း အံ့အားသင့်မိပါရဲ့။ ပြည့်ဖြိုးထွက်သွားသည့်နေ့က ကျောင်းရှေ့တွင် မိုးရွာထဲပြေးသွားသည့် သူ့ကို အနောက်မှ ရိုက်ထားသည့်ပုံကလေး။
YOU ARE READING
ချည်တိုင် [ Philophobia ]
Teen FictionNeither love nor be loved........ Art : @CitaminArt❣️