နေ့စဉ်ဘဝ၏ အမှုကိစ္စတို့တွင် ကျန်းမာရေးသည်လည်း တစ်စိတ်ပိုင်းဖြစ်သည်မို့ ဆေးရုကြီးဝင်းအတွင်း လူအများမပြတ်သည်မှာ အဆန်းတော့မဟုတ်ပေ။ ဟိုဟို သည်သည် လှုပ်ရှားနေသည့် လူများကိုကျော်ကာ ဖခင်ဖြစ်သူရှိရာ ကျောက်ကပ်အဆောင်ဆီသာ လျှောက်လာလိုက်တော့သည်။
"ဟော သားလာပြီလား"
သည်ရက်များအတွင်း ကျန်းမာရေးကောင်းမွန်နေပြီဖြစ်သော အဖေက သူ့ကိုတွေ့တော့ ဝမ်းသာစွာပြုံး၍။
" နေရတာ အဆင်ပြေတယ်မလား အဖေ"
"ပြေပါတယ်ကွာ။ ငါ တော်တော်တောင် ကောင်းနေပြီ"
အဆင်ပြေပုံပေါ်သည့် ဖခင်ဖြစ်သူကိုမြင်ရ၍စံလင်း ဝမ်းသာမိသော်လည်း အစားထိုးရန် အလှူရှင်ရှာမတွေ့နိုင်သေးသည်ကိုလည်း သူရင်မောရသည်။
" အဖေ "
"အေး။ ဘာလဲ။ မင်းမှာ ဘာအခက်အခဲရှိနေလဲ"
အိမ်ထောင်သစ်တစ်ခု ထူထောင်ပြီးသည့်အချိန်မှ အစပြုကာ အဖေ့အပေါ် မှီခိုခြင်းမရှိတော့သလို ရင်ဖွင့်တိုင်ပင်ခြင်း မရှိခဲ့သည်မှာလည်း ကြာခဲ့ပြီမို့ တိုင်ပင်ဖို့ရာ သူတွန့်ဆုတ်နေမိ၏။
"ဘာမှ မဟုတ်တော့ဘူး"
"ဪ"
ကုတင်ကိုမှီကာ သတင်းစာတစ်စောင်ကိုဖတ်ရင်း သူ့ကို မသိချင်ယောင်ဆောင်နေသည့် အဖေ။
" မနက်ဖြန် ဆေးရုံကဆင်းလို့ရပြ်ီတဲ့ အဖေ"
"ဟုတ်လား"
ကျန်းမာရေးပြန်လည်ကောင်းမွန်နေပြီဖြစ်သလို အခြေအနေလည်း တည်ငြိမ်ပြီမို့ ဆေးရုံဆင်းရန် ခွင့်ပြုသည်တဲ့။ သို့သော် ထိုစကားကြား၍စံလင်း မပျော်နိုင်။ ဖခင်ဖြစ်သူ၏ နေရေးထိုင်ရေး၊ စားရေးသောက်ရေးအလုံးစုံကို တာဝန်ယူရန်မှာ ကိုယ်တိုင်ပင် သူတစ်ပါးအိမ်တွင် မှီခိုနေရသူမို့ သူ မစွမ်းသာသည်ကို သိနေ၍။
" ဒါ ဆေးရုံစရိတ် အဖေ။ ကျွန်တော် မနက်ဖြန်လာနိုင်မှာမဟုတ်လို့"
"ငါ့မှာ ငွေနည်းနည်းတော့ရှိပါသေးတယ်။ မင်းသုံးဖို့ ယူသွားဦးလေ"
ESTÁS LEYENDO
ချည်တိုင် [ Philophobia ]
Novela JuvenilNeither love nor be loved........ Art : @CitaminArt❣️