"ဘောစိ ကွေ့သယို"
နောက်ဆုံးနှစ်၏ ဒုတိယတစ်ဖြတ်တက်ရောက်ရမည့်ပထမဆုံးရက်သတ္တပတ်။ နှစ်လတာ ခွဲခွာခဲ့ရသည့် ကျောင်းဝင်းကြီးက ခြေချမိသည်နှင့် ရင်းနှီးနေသော အငွေ့အသက်တို့ဖြင့် ပြန်လည်ကြိုဆိုသည်။
"ကောကော အစောကြ်ီးရောက်တာလား"
ယခင်လိုဂျူနီယာအငယ်လေးမဟုတ်တော့ဘဲ စီနီယာနှစ်ပိုင်းထဲရောက်လာပြီ ။ ဤကျောင်းတော်ကြီးတွင် သူတို့ထက် အကြီးဟူ၍ နှစ်ချို့သမားနှင့် ဆရာ၊ ဆရာမများသာရှိတော့သည်ကတော့ မြင်မြင်သမျှ လူတိုင်းကို ရင်းနှီးသလိုခံစားလာရသည့် ခံစားချက်က သက်သေပင်။
"စံလင်း ခဏ"
အသံလာရာကြည့်မိတော့ ကန်တင်း အဝင်ဝတွင် ထိုင်နေကြသည့် အတန်းထဲမှ ကျောင်းသူတစ်စု။ မိန်းကလေးများဖြစ်သည်မို့ စံလင်းအလိုက်တသိသူမတို့ရှိရာဝိုင်းကို ဝင်လာလိုက်သည်။
"မေးစရာရှိလို့"
"အေး မေးလေ"
" ပြည့်ဖြိုးဟန် ကျောင်းနားတော့မယ်ဆို"
မနေ့တနေ့ကမှ ထားခဲ့ရသည့် ပြည့်ဖြိုးက ရုတ်ချည်းဆိုသလို ကျောင်းနားမည်ဟု သတင်းထွက်လာသည်။ ထို့အတူ သူ့ကိုလည်း လိုက်ရှာခြင်း၊ ဆက်သွယ်ခြင်း အလျဉ်းမရှိသည်မို့ စံလင်း အံ့ဩမိသည်တော့ အမှန်ပင်။
"ဟုတ်လား။ သူ စင်္ကာပူမှာ ကျောင်းဆက်တက်မယ်တော့ ပြောတာပဲ"
"ဪ"
"အဲ့ဒါမေးမလို့မလား။ ငါသွားပြီ"
"နေပါဦး။ ပြောစရာရှိသေးတယ်"
တစ်တန်းတည်းသားချင်းဖြစ်သည့်အပြင်၊ ပြည့်ဖြိုးဟန်နှင့် Term paper တစ်ဖွဲ့တည်းသားတွေမို့ စကားဆက်ပြောလိုသည့်ပုံကို စံလင်း မငြင်းဆိုမိတော့။
"ဘာလို့လဲ"
" ဟိုလေ။ ပြည့်ဖြိုးသာ တကယ် ကျောင်းနားရင် ငါတို့ အဖွဲ့ထဲ နင်ဝင်ပေးမလား။ သူ့နေရာမှာ တစ်ယောက်လိုနေလို့။ ဟို နင်လည်းခုထိ အဖွဲ့မရသေးဘူးမလား"
VOCÊ ESTÁ LENDO
ချည်တိုင် [ Philophobia ]
Ficção AdolescenteNeither love nor be loved........ Art : @CitaminArt❣️