(၃၃)

10.3K 1.1K 97
                                    

အပြင်ဘက်ဆီမှ ဆူဆူညံညံ အသံတို့ကြား၍ စံလင်း နိုးလာခဲ့သည်။ မျက်လုံးဆက်ခနဲပွင့်သည်နှင့် ထထိုင်မိချိန်တွင် အိမ်ခေါင်မိုး သွပ်ပြားများကို မြင်လိုက်ရ​၍ စိတ်ထဲ ထင့်ခနဲ။

ပုံမှန်လို မနက်စာပြင်ပေးရမည့် တာဝန်တစ်ခုက သူ့တွင်ရှိမနေတော့သည်မှာ လပေါင်းများစွာရှိပြီဖြစ်သည်ကို သည်တစ်မနက်ခင်းတွင်လည်း မေ့မြဲမေ့ဆဲ။

ယခုတိုင် ထိုအိမ်ကလေးကိုသာ လွမ်းနေမိသည်။ ငယ်ရွယ်စဉ်ကပင် နေထိုင်ခဲ့သည့် ဤအိမ်ကလေး။ မိခင်​၏ အမွေအနှစ်ဖြစ်သည့် ဤအိမ်ကလေးနှင့် ပြန်လည်နေသားကျရန် သူအတော်လေး ကြိုးစားနေရ​သည်အထိ ပြည့်ဖြိုးဟန်က သူ့အပေါ် လွှမ်းမိုးခဲ့ပြီလား။

"ပဲပြုတ်ပူပူလေး။ ပဲကတ္ထီပါပြုတ်"

ယခင် ကွန်ဒိုတိုက်ခန်းတွင်နေထိုင်ခဲ့စဉ်က မနက်ခင်းဆိုလျှင် ဤကဲ့သို့ ဆူညံမနေ။ တိတ်တဆိတ်ဖြင့် ဖုန်းမှနှိုးစက်ကို ပိတ်ကာ မနက်ခင်းအဆာပြေစားရန် စံလင်း ပြင်ဆင်နေကျ။

တွေးလက်စကို ရပ်ရင်း တဘတ်ဆွဲကာ ရေချိုးရန်သာ အိမ်နောက်ဖေးသို့ ထွက်လာလိုက်တော့သည်။ ဘေးဘီရှိရာ ဝေ့ကြည့်မိတော့ ရပ်ကွက်တို့ ထုံးစံအတိုင်း နောက်ဖေးတွင် မီးမွှေးသူမွှေး၊ ချက်သူချက်ဖြင့်။

"ဟိုကောင်လေး အစောကြီးဘယ်သွားမလို့လဲ"

"ကျောင်းပဲ အဒေါ်"

ဘေးအိမ်မှ စပ်စပ်စုစု အဒေါ်ကြီးကို တုံးတိဖြေရင်း ရေမိုးချိုး၊ မျက်နှာသစ်ကာသာ အိမ်ပေါ်ပြန်တက်ခဲ့တော့​သည်။

"ပြည့်ဖြိုး မင်း ရေချိုး"

ရုတ်တရက် ထွက်သွားသည့် စကားကို အရှိန်သတ်လိုက်ရင်း သူ တစ်ဦးတည်း ပြုံးမိပါရဲ့။

ခြောက်လကျော် ခုနှစ်လ ဟူသော အချိန်ကုန်သွားသည့်တိုင် စံလင်းနေသားမကျသေးပါ။ တစ်ဦးတည်းကုန်ဆုံးရသည့် မနက်ခင်းက အမှန်ပင် ဟာတိဟာတာနိုင်လွန်းနေသည်မလား။

"ဟဲလို"

"စံလင်း ငါတို့ ရီဟာဇယ်လ်နော် ဒီနေ့"

"အင်း"

"နင်ဒီနေ့ ကျောင်းကို စောစောလာ။ ကျောင်းမှာ ဓာတ်ပုံအရင်ရိုက်ရအောင်"

ချည်တိုင် [ Philophobia ]Where stories live. Discover now