ဟိုတယ်ခန်းတစ်ခုအတွင်း ကောင်လေးတစ်ဦးအိပ်မောကျလျှက်ရှိသည်။ တစ်ယောက်ခန်းဖြစ်သည်မို့ ဘေးဘီတွင် နေရာလွတ်ဟူ၍ သိပ်မရှိ။ ကုတင်လေးဘေးတွင်ချထားသည့် စားပွဲခုံကလေးနှင့်ကျွန်းဘီရိုတစ်လုံးအပြင် ရေချိုးခန်းတစ်ခန်း၊ ဤမျှသာ။
သို့သော်လည်း လေးထပ်မြောက်၏ မှန်အပြည့်ကာထားသည့် ပြတင်းတံခါးဆီက ငေးကြည့်လျှင် အဆုံးမရှိသည့် ပင်လယ်ပြင်ကြီးကတော့ နေရောင်နွေးနွေးအောက်မှာ အရောင်တလက်လက်တောက်ပနေလေရဲ့။
တိတ်ဆိတ်နေသည့် အခန်းအတွင်း တံခါးမှလူခေါ်ခေါင်းလောင်းတီးသံက မတိုးမကျယ်ထွက်ပေါ်လာသည်။
တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်မြောက်။
"ဘယ်သူလဲ"
တဆစ်ဆစ်ထိုးကိုက်နေသည့်ခေါင်းကိုအသာဖိရင်း စံလင်း အိပ်ယာမှလူးလဲထလိုက်ရသည်။ ဆက်အိအ်လို့လည်းမဖြစ်တော့သည့်အနေအထား။
"မြန်မြန်ပြင်တော့"
အခန်းတံခါးဝတွင်ရပ်နေသည်က မှဲ့ပိုင်ရှင်ကောင်ကလေး။ စံလင်း သတိတရဖြင့် ဖုန်းကိုကြည့်မိတော့ သူပြင်ဆင်ရန် အချိန်နာရီဝက်သာရတော့သည်။ ဤကနေ့ ကမ်းခြေများဘက် ကွင်းဆင်းကြည့်ရမည်မလား။
"သွား ရေအရင်ချိုး။ လိုတာတွေ ထည့်ထားပေးမယ်"
ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့။ ရေမိုးချိုး ပြင်ဆင်ရန် လုပ်ရတော့သည်။ ပြည့်ဖြိုးဟန်ကား သူ့အခန်းဟုသဘောထားကာ ဟိုရှာ သည်ရှာဖြင့်အထုပ်အပိုးများပြင်ပေးနေသည်ကိုလည်း သူတားချိန်မရ။ အချိန်လုရမည်ကိုး။
"ရေကူးဝတ်စုံက တစ်စုံပဲပါတာလား"
"အေး။ တစ်စုံပဲ"
ရေချိုးခန်းအဝမှနေရင်းမေးလေသည့်ပြည့်ဖြိုးက မနေ့ကတွေ့ကတည်းကပင် ယခုတိုင် သူ့နာမည်ကို မခေါ်သေးသည်က ကနဦး စတင်တွေ့ဆုံစဉ်က အချိန်များကိုပင် အမှတ်ရစေ၏။ ထိုလူသားသည် သူနှင့် ပတ်သက်လျှင် အမည်နာမခေါ်ရန်ပင် တွန့်တိုတတ်သည်တဲ့။
"ရော့ ဒါ ဝတ်"
ကုတင်ပေါ်တင်ပေးထားသည့် ဒူးဖုံးဘောင်းဘီအမည်းလေူနှင့် တီရှပ် နက်ပြာရောင်ကလေး။ သူအမြင်မမှားလျှင် ယခင်က ပြည့်ဖြိုးငှားပေးဖူးသည့် တီရှပ်နှင့်ပင်ဆင်တူနေသည်။
ESTÁS LEYENDO
ချည်တိုင် [ Philophobia ]
Novela JuvenilNeither love nor be loved........ Art : @CitaminArt❣️