အပြင်ဘက်ပတ်ဝန်းကျင်တွင် မိုးကောင်းကင်သည်
အုံ့မှိုင်းလျှက်ရှိနေသည်။ နွေလွန်ကာ မိုးပြောင်းခါနီး
စပ်ကူးလက်ကူးကာလဖြစ်သည်မို့ ရာသီဥတုသည်
မတည်ငြိမ်။ တစ်ခါတရံ ခြစ်ခြစ်တောက်ပူသော်လည်း ရံဖန်ရံခါတွင်တော့ အုံ့မှိုင်းနေလေ့ရှိပြန်၏။မြို့ထဲမကျတကျအရပ်ဒေသဖြစ်သည်မို့ ပတ်ဝန်းကျင်တစ်ခွင်ကား သက်ဝင်လှုပ်ရှားနေဆဲ။ ထို့အတူ မိမိတို့အောက်ထပ်သည် လူစည်ကားရာ City Mart ဖြစ်သည်မို့ ဝရံတာထွက်လိုက်လျှင်ပင် လှုပ်ရှားသွားလာနေသော လူတစ်စုကို မြင်တွေ့နေရစမြဲ။
ငါးထပ်မြောက် အခန်းလေး၏ ဝရံတာတွင် အမှီလက်ရန်းအား ခြေထောက်တင်လျှက်၊ ကောင်လေးတစ်ဦး ထိုင်နေလေသည်။ လက်ထဲတွင်တော့ စီးကရက်လိပ်ကလေးက အငွေ့တလူလူဖြင့်။ ကောင်လေး၏ မျက်လုံးအစုံသည် ရီဝေစွာ၊ အထီးကျန်စွာ၊ ပြီးနောက်နာကျည်းစွာ။ ရာသီဥတုကြောင့် သုန်မှုန်နေခြင်းမျိုးမဟုတ်သည့်တိုင် နဂိုအခံဖြင့် ခံစားချက်မဲ့သော မျက်နှာကလေးက ပြုံးလိုက်လျှင် အတော်လေးကြည့်ကောင်းမည့် ရုပ်ရည်မျိုးပင်။
"ကလင် ကလင်"
ဧည့်ခန်းအတွင်းထားရှိသည့် တစ်လုံးတည်းသော ကြိုးဖုန်းကလေးက အဆက်မပြတ်မြည်နေသည်။ ထိုကောင်လေးကား ဖုန်းသံကို ကြားသည့်ပုံမပေါ်တန်ရာ အတွေးလွန်နေပုံသာရ၏။
"ကလင် ကလင် ကလင်"
" ကျစ်"
မကျယ်လွန်းလှသည့် ဖုန်းသံကအနှောင့်အယှက်ပေးနေသည့်နှယ် စုတ်တစ်ချက်သပ်ရင်း ဖုန်းဆီလျှောက်သွားလေသည်။
"ဟဲလို"
"ဟဲလို စံလင်းတို့အိမ်ကလားခင်ဗျ။ စံလင်းနဲ့စကားပြောချင်လို့ပါ"
ရင်းနှီးသော အသံပေမို့ ဖုန်းဒိုင်ခွက်တွင် ပေါ်နေသည့် နံပါတ်အား တစ်ချက် လှမ်းကြည့်ရင်း ပြည့်ဖြိုးဟန်ပြုံးလိုက်မိသည်။ အားရစွာ၊ ကျေနပ်စွာဖြင့်ဖန်တီးထားသော ခပ်ယဲ့ယဲ့အပြုံးလေးတစ်ခု။
"သူ နေမကောင်းဘူး။ နိုးရင် ပြန်ဆက်ခိုင်းလိုက်မယ်"
" နေမကောင်းဘူးလား။ ဘာဖြစ်တာလဲ ခင်ဗျ။ ကျွန်တော်က သူ့သူငယ်ချင်းပါ။ စံလင်း အခြေအနေရော ဘယ်လိုလဲ။ စိုးရိမ်ရလားဗျ"
VOCÊ ESTÁ LENDO
ချည်တိုင် [ Philophobia ]
Ficção AdolescenteNeither love nor be loved........ Art : @CitaminArt❣️