👀zawgyi👀
"မားရေ....." လွန်းစေရာတစ်ယောက်အိမ်သို့ပြန်ရောက်သည်နှင့် အသံကျယ်ဖြင့် အမေဖြစ်သူအား ခေါ်နေလေသည်။ သူ့ခေါ်သံကြောင့် အပေါ်ထပ်မှ ဆင်းလာသော ဒေါ်ထိပ်ထားခင်။
"ရာရာ ဘယ်လိုဖြစ်လို့ ပြန်ရောက်လာတာလဲ စက်ရုံကိုသွားတာမဟုတ်ဘူးလား" သားဖြစ်သူအားတွေ့သည်နှင့်မေးတော့ လွန်းမှာ သွားဖြီးပြလျက်။ ထို့နောက် မိမိ၏အနောက်ကနေ လိုက်ပါဝင်လာသူအား မိခင်ဖြစ်သူဆီ မိတ်ဆက်ဟန်ပြင်သည်။
"မား သူ့ကိုမှတ်မိလား" လွန်းအမေးကြောင့် ဒေါ်ထိပ်ထားမှာ လွန်းဘေးကလူကို သေချာကြည့်မိသည်။ ထို့နောက် သူ့အား သတိရသွားဟန်ဖြင့် အံ့အားသင့်လျက်ဆိုလာသည်။
"သား ဒီပါမလား" ဒေါ်ထိပ်ထား၏အမှတ်သညာရှိမှုကြောင့် လျှမ်းဒီပါလည်း ပြုံးမိသည်။ သူ့ကိုမေ့တဲ့သူမရှိဘူးလေ။ ထိုကောင်လေးမှလွဲလို့။
"ဟုတ်တယ် အန်တီထိပ်ထား ကျွန်တော့ကိုမှတ်မိသားဘဲ"
"မမှတ်မိဘဲနေမလား သားရယ်...... သားက ချောပြီး ခန့်လာလိုက်တာ"
"မား ဧည့်သည်ကို ဒီတိုင်းမတ်တပ်ရပ်ခိုင်းနေတော့မှာလား" မိခင်ဖြစ်သူ၏ စကားအား လွန်း ကြားဖြတ်ကာဆိုလိုက်တော့မှ ဒေါ်ထိပ်ထားမှာ အားနာဟန်ဖြင့် လျှမ်းဒီပါအား ဧည့်ခန်းတွင်း ခေါ်ဆောင်ခဲ့သည်။ ထို့နောက် သုံးဦးသား မျက်နှာချင်းဆိုင် စကားစမြည်ပြောလာကြ၏။
"သား နိုင်ငံခြားကိုထွက်သွားတည်းက မတွေ့ဖြစ်တော့တာ ဘယ်လောက်တောင်ကြာနေပြီလဲမသိပါဘူးကွယ်" ဒေါ်ထိပ်ထားခင်၏ညည်းတွားဆိုလာသော စကားအား လျှမ်းဒီပါ မနှစ်သိမ့်ဖြစ်။ ပြုံးလျက်သာ။
၁၀တန်းဖြေပြီးနောက် အမေဖြစ်သူနဲ့ နိုင်ငံခြားသို့ပြောင်းရွှေ့နေထိုင်ခဲ့တာ ၁၀နှစ်လောက်တောင်ရှိမည်။ မိခင်မှာ နှလုံးရောဂါဖြင့် ဆုံးပါးသွားသည်ကြောင့် လျှမ်းလည်း မြန်မာပြည်ကိုသာ လွန်ခဲ့တဲ့ ၂နှစ်လောက်ကမှ ပြန်လာဖြစ်ခဲ့ခြင်းပင်။ ဆွေးမျိုးသားချင်းမည်မည်ရရမရှိသည်မို့ ထိပ်တန်းစီးပွားရေးသမားတစ်ယောက်အနေနဲ့ အလုပ်မှလွဲလို့ ဘာမှတွယ်တာစရာမရှိ။ တစ်ကိုယ်တည်းသာ။ သို့သော် အခုချိန်မှာတော့ သူတစ်ယောက်တည်းမဟုတ်တော့ ငယ်စဉ်တည်းက ဖြူစင်စွာချစ်လာခဲ့တဲ့ ထိုကလေးရော မိမိအား မိသားစုဝင်တစ်ယောက်လို အခုချိန်ထိ သဘောထားပေးကြတဲ့ ထိုမိသားစုလေးရော သူ့အနားမှ ရှိနေကြပြီလေ။ သူ အထီးမကျန်တော့ဘူးထင်ပါရဲ့။

YOU ARE READING
Love Virus( Completed)
RomanceNo one can stop to love someone By Satan Starting date- 28.7.2020 Ending date- 10.11.2020