ep 38

14.3K 1.2K 254
                                    

Uni+Zaw

Uni

" ဖိုးလုံး ဆိုင်အတွက်မင်းခန့်လိုက်တဲ့ အချိန်ပိုင်းအလုပ်သမားဆိုတာသူလား! "

" ဟုတ်တယ် ကိုဘုန်း "

မျက်နှာကြည့်လိုက်တော့ သူနဲ့တစ်ခါမှ မတွေ့ဘူး၊မသိဘူးခဲ့သလို ရုပ်တည်နှင့်။မုန့်ပို့ရင်းအမှတ်မထင်တွေ့ခဲ့ပြီးနောက် သူ့ရှေ့လည်းလုံးဝပေါ်မလာ၍စိတ်ချလက်ချနေခဲ့သည်။ပေါ်မယ့်ပေါ်လာတော့လည်း သူ့ဆိုင်မှာအချိန်ပိုင်းအလုပ်သမားအဖြစ်ပေါ်လာသည်။ဒါဘယ်လိုမျက်နှာပြောင် တိုက်ခြင်းမျိုးလဲ။Royal Khant ရဲ့ CEO မဟုတ်ဘူးဆိုရင်တောင် ယံလေးရဲ့ချမ်းသာကြွယ်ဝ၊ပိုင်ဆိုင်မှုက သူ့ဆိုင်မှာဒီလိုအလုပ်သမားအဖြစ်လာလုပ်စရာဘာအကြောင်းမှမရှိဘူး။

အစင်းကြောင်းများပါသောအဖြူရောင်ရှပ်လက်ရှည်ကို ယောပုဆိုးအနက်ရောင်ထဲထည့်ဝတ်ထားပုံက မသိရင်စားဝတ်နေရေးအဆင်မပြေလို့ နယ်ကနေ ရန်ကုန်ကိုအလုပ်လာလုပ်တဲ့သူလိုလို။ရိုးသားပြီးအနေအေးတဲ့ ဖိုးလုံးသာ မသိရင်မသိမယ်။အခုယံလေးဝတ်ထားတဲ့ အင်္ကျီကသူ့ကိုပေးမယ့်လစာရဲ့သုံးလစာလောက်ရှိသည်။ဘုရားသွားရင်တောင် ပုဆိုးမဝတ်ဘဲဘောင်းဘီရှည်သာဝတ်တဲ့သူက အခုမှအင်္ကျီလက်ရှည် ပုဆိုးနှင့် အရမ်းယဥ်ကျေးပြနေသည်။ဘာလဲ?သနားစရာပုံစံပေါက်အောင်လုပ်လာတာလား။မြင်ဖူးလေ့မရှိသော ယံလေးရဲ့ယခုပုံစံသည်သူ့အတွက်အထူးအဆန်းလည်းဖြစ်နေပြန်သည်။

" အခုချက်ချင်း နောက်တစ်ယောက်ပြောင်းခန့်လိုက်! "

" ဘာဖြစ်လို့လဲ ကိုဘုန်း "

" ဒီလိုလူမျိုးက ငါ့ဆိုင်မှာအလုပ်လုပ်ဖို့အရည်အချင်းမရှိဘူး။လျှာမရှည်နဲ့ငါကနောက်တစ်ယောက်ပြောင်းဆိုပြောင်းလိုက် "

ထိုအခါဖိုးလုံးသည် ကိုဘုန်းအနားကပ်ကာ ယံလေးကိုမကြားစေချင်သောပုံစံနှင့်-

" ကိုဘုန်း ဆိုင်ရဲ့ဝေယျာဝစ္စအလုပ်တွေခိုင်းဖို့ပဲ အရည်အချင်းတွေဘာတွေ အဲ့လောက်ထိမလိုပါဘူး။အလုပ်ကို တာဝန်ကျေအောင်လုပ်နိုင်ရင်ရပြီပဲ။ပြီးတော့ ကိုဘုန်းလည်းသိတယ်မလား ဆိုင်မှာအခုလက်ရှိ ဝန်ထမ်းငါးယောက်အားနဲ့မလောက်ဘူးဆိုတာ။ညနေဘက် ခါတိုင်းထက်customers တွေပိုကျလာတယ်။အရင်ခန့်ခဲ့တဲ့ အချိန်ပိုင်းတွေကလည်းတစ်လလောက်လုပ်ပြီး ထွက်ထွက်သွားကြတာ ဘယ်သူမှအလုပ်ကိုရေရှည်မလုပ်ချင်ကြဘူး။အလုပ်သမားရှာရတာ အရမ်းခက်တယ်ကိုဘုန်း။ ထင်သလောက်မလွယ်ဘူး ပြီးတော့ ဆိုင်မှာသူက ၆ လတိတိအလုပ်လုပ်ပါ့မယ်လို့ စာချုပ်မှာလည်း လက်မှတ်ထိုးတယ်။သူ့ဘက်က အလုပ်ထွက်ဖြစ်ရင် ၆ လစာလျော်မယ်တဲ့။ကျွန်တော်တို့အတွက် အရမ်းအဆင်ပြေတယ် "

ပေးဆပ်ခြင်းဖြင့်ချစ်ပါမည် [COMPLETED]  ပေးဆပ်ခြင်းဖြင့်ချစ်ပါမည်Donde viven las historias. Descúbrelo ahora