အပိုင်း (၄၃)

345 15 0
                                    

Unicode

                     အပြာနုရောင်သုတ်ထားတဲ့ အခန်းထဲမှာ အဖြူရောင် လိုက်ကာစ က လေနဲ့အတူ လွင့်နေသည် ။ နံရံမှာ ကပ်ထားသော ပုစွန်စီရောင်ကောင်းကင်ကို ရေးချယ်ထားတဲ့ ပန်းချီကားကို သေချာစွာစိုက်ကြည့်မိတော့ အဝါရောင်တိမ်တိုက်များက ‌ဆွေးမြေ့စွာ တစ်စုံတစ်ရာကို လွမ်းဆွတ်စေသည် ။ အနုပညာဆိုတာ ဖန်တီးသူရဲ့ ခံစားချက်လက်ရာပဲမဟုတ်ပါလား........။
                     မှန်ဘောင်ကို ခပ်ဖွဖွထိလိုက်ရင်း နံရံပေါ်ကနေ ဖြုတ်လိုက်သည် ။ နောက်ထပ် သဘာဝပုံပန်းချီကားတစ်ချပ်နဲ့ တခြားချိတ်ဆွဲထားသော ဓာတ်ပုံများကိုလည်း ဖြုတ်လိုက်ရင်း အိတ်ထဲထည့်လိုက်သည် ။ အတော်အတန်ပင် ရှင်းလင်းနေတဲ့ အခန်းငယ်က သိမ်းစရာပစ္စည်း သိပ်မကျန်တော့ပေ ။ ထိုအခန်းထဲမှာရှိခဲ့တဲ့အမှတ်တရတွေကတော့ သူနဲ့အတူ သိမ်းဆည်းလို့မရ ၊ ချန်ထားရခဲ့ရမည် မဟုတ်ပါလား........။
                     အဝတ်အစားနဲ့အိပ်ယာခင်းတွေကတော့ အဆင်သင့်ပင် သိမ်းထားပြီးသားဖြစ်လို့ သူ့ရဲ့ နောက်ထပ်ဦးတည်ရာက အခန်းထောင့်က စာကြည့်စားပွဲလေးပင်ဖြစ်သည် ။ ကျောမှီသစ်သားခုံလေးမှာ ဝင်ထိုင်လိုက်ရင်း သပ်ရပ်စွာစီထားသော စာအုပ်လေးများကို ကောက်ယူလိုက်သည် ။ မေမေနဲ့တူတဲ့ သူက စာဖတ်ရတာဝါသနာပါလို့ စာရေးဆရာကြီးတွေရဲ့ စာအုပ်တွေကို သေချာစုထားလေ့ရှိသည် ။
                     အစီအရီထပ်ထားတဲ့ စာအုပ်တွေနဲ့ စားပွဲပေါ်မှာ အလှတင်ထားတဲ့ အရုပ်သေးသေးလေးများကိုလည်း အစီစဉ်တကျ အိတ်ထဲထည့်လိုက်သည် ။ သူ့အတွက် အရေးတကြီးသယ်ယူစရာတွေက စာအုပ်တွေအပြင် တခြားထွေထွေထူးထူးတော့ မရှိပေ ။

          " သား 'သော်လေး' အောက်ထပ်မှာ ကားရောက်နေပြီ......."

                     ပစ္စည်းတွေသိမ်းနေရင်းမှ အခန်းထဲဝင်ကာ ပြောလာသော တီမြစကားကြောင့် ပြန်လှည့်ကြည့်ရင်း ခေါင်းငြိမ့်ပြလိုက်သည် ။ ပြီးမှ စာအုပ်တွေထည့်ထားတဲ့ အိတ်ကို ပိတ်လိုက်သည် ။
                    
          " ရပြီ တီမြ ၊ လိုအပ်တာတွေအကုန်သိမ်းပြီးပြီ ၊ သွားကြရအောင်......"
         
          " သွားဖို့အတွက် သေချာဆုံးဖြတ်ပြီးပြီလား 'သော်လေး' "
         
                     စိတ်မကောင်းဖြစ်နေသောအသံဖြင့် 'သော့်' ရဲ့လက်ကိုဆုပ်ကိုင်ကာ မေးလာသော တီမြကြောင့် 'သော်' ပြုံးလိုက်မိသည် ။ မလွယ်ကူပေမဲ့ ဖြစ်သင့်တဲ့ ဆုံးဖြတ်ချက်တစ်ခုကိုပဲ 'သော်' ချမှတ်ခဲ့ခြင်းဖြစ်သည် ။ ထိုအတွက် တွေဝေတာတွေ နောင်တရစရာတွေ မရှိပါပေ ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now