အပိုင်း (၄၅)

408 15 0
                                    

Unicode

          " ကိုကို ၊ ဘာတွေလုပ်နေတာလဲ "

                    ကိုင်ထားတဲ့ အိတ်ကို ခုံပေါ်ချကာ 'လှိုင်း' ဘေးနားဝင်ထိုင်ရင်း မေးလာသော 'ဆက်' ကြောင့် စာရင်းလုပ်နေရင်းမှ မော့ကြည့်လိုက်သည် ။

          " ဟင် 'ဆက်' အလုပ်မသွားသေးဘူးလား "

          " မသွားချင်သေးဘူး ကိုကို့အနားမှာ နေချင်သေးတယ် "

                    ခပ်ချွဲချွဲပြောလိုက်ရင်း 'လှိုင်း' ပုခုံးပေါ် ခေါင်းမှီလာသော 'ဆက်' ကြောင့် 'လှိုင်း' က အသာပြုံးလိုက်ရင်း ခေါင်းကို ပုတ်ပေးနေလိုက်သည် ။ 'ဆက်' နဲ့ အတူနေရင်းမှ သိသိလာတာက 'ဆက်' က ကလေးဆန်လွန်းတဲ့ ကောင်လေးပင် ၊ အမြဲတမ်းလိုလိုလဲ 'လှိုင်း' ကို ကပ်ကာချွဲနေတတ်သေးသည် ။

          " အဝတ်အစားတောင်လဲပြီးနေပြီကို 'ဆက်' ရာ ၊ နောက်ကျနေဦးမယ်လေ "

          " ကိုကို့ဘေးမှာ နေဖို့တော့ အချိန်ရပါသေးတယ်ဗျာ စိတ်မပူပါနဲ့ "

                    'ဆက်' က 'လှိုင်း' အနားကိုကပ်ကာ တိုးတိုးလေးပြောလိုက်ရင်း ပါးပြင်ကိုလဲ နမ်းလိုက်လေသည် ။ ပြီးမှ 'လှိုင်း' ပုခုံးပေါ် ခေါင်းပြန်မှီရင်း ခန္ဓာကိုယ်ကို ပိုတိုးကာ ကျုံ့လိုက်သည် ။

          " အလုပ်တွေ လုပ်ရတာ ပင်ပန်းနေပြီလား 'ဆက်' "

          " ဟင့်အင်း "

                    မျက်လုံးများကိုမှိတ်ထားရင်းမှ မှီထားသောခေါင်းကို ခပ်ဖြေးဖြေးယမ်းကာ တိုးညှင်းစွာ ပြန်ဖြေလာလေသည် ။ ကျောင်းပြီးကတည်းက 'စည်သူ့' ရဲ့ အလုပ်တွေမှာ ဝင်လုပ်ကိုင်ပေးရင်း အခုဆိုရင် ကိုယ်ပိုင်အလုပ်တွေကိုတောင် ဦးစီးနိုင်နေပြီဖြစ်သည် ။
                    'လှိုင်း' နဲ့ 'စည်သူ' ရဲ့ သင်ပြမှုကြောင့်ရော 'ဆက်' ကိုယ်တိုင်ကပါ ကြိုးစားတဲ့အတွက်ကြောင့် 'ဆက်' ရဲ့ လုပ်ငန်းတွေက အခြေအနေတစ်ခုထိ အောင်မြင်နေပြီဖြစ်လေသည် ။ အားလုံးရဲ့အမြင်မှာတော့ '‌ဆက်' မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပေမဲ့ 'လှိုင်း' အတွက်ကတော့ ကလေးငယ်လေးအလားပါပင် ။
                   
          " မပင်ပန်းဘူးဆိုပေမဲ့ 'ဆက်' ကိုကြည့်ရတာ ဖိအားတွေ များနေတဲ့ ပုံပဲ ၊ ဘာလဲ ဒီတစ်ခေါက် ရှယ်ယာရှင်အစည်းအဝေးအတွက် စိတ်ပူနေတာလား "
         
                    ပုခုံးပေါ်က မှီနေဆဲ 'ဆက်' ရဲ့ ခေါင်းကို အသာပုတ်ပေးရင်းမေးလိုက်တော့ 'ဆက်' က တိတ်သွားလေသည် ။ လုပ်ငန်းအသစ်ချဲ့ထွင်ရန် ရှယ်ယာရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ 'ဆက်' အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေဟန်တူသည် ။ ဘယ်လောက်ပဲ အကောင်းဆုံးကြိုးစားနေတယ်ဆိုပေဦးတော့ အနည်းအများတော့ စိတ်ဖိစီးမှုရှိနေမည်ဆိုတာ 'လှိုင်း' နားလည်ပါသည် ။
                    ဒီတစ်ခေါက် လုပ်ငန်း Project ကလဲ 'ဆက်' ရဲ့ နောက်ခြေလှမ်းတစ်လှမ်းဖြစ်သောကြောင့် အလုပ်ဖိအားလဲ ရှိနေလေသည် ။ ထို့ပြင် 'ဆက်' ကိုယ်တိုင် ဦးဆောင်တဲ့ ကိစ္စဖြစ်လို့ ရှယ်ယာရှင်တွေ အကြိုက်မတွေ့မှာလဲ စိတ်ပူနေပုံရပါသည် ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now