အပိုင်း (၃၆)

340 14 0
                                    

Unicode

          " မဟုတ်လောက်ပါဘူး ၊ မဖြစ်နိုင်ဘူး......."

                       သိမ်းထားတာ နှစ်အတော်ကြာပြီဖြစ်တဲ့ မီးစွဲထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့ သတင်းစာအပိုင်းအစ တစ်ပိုင်းကို အထပ်ထပ်အခါခါကြည့်ကာ ငြင်းဆန်နေမိသည် ။ ဒီနေ့ဆို 'လှိုင်း' အိပ်မပျော်တာ နှစ်ရက်ရှိပေသည် ။ ညီ ခရီးထွက်ထားတဲ့ နေ့ကတည်းက ညဘက်တွေ အိပ်မရလောက်အောင် အတွေးများနေမိသည် ။
                       နားထဲတွင်လည်း ညီ ပြောတဲ့ 'သော်' တို့ မိသားစုရဲ့ Accident ဖြစ်တဲ့ အကြောင်းအရာကိုပဲ ကြားယောင်နေမိသည် ။ Accident သတင်းပါတဲ့ သတင်းစာရဲ့ နေ့စွဲကလည်း လွန်ခဲ့တဲ့ (၁၀) နှစ်ကဖြစ်နေသလို 'သော်' တို့ရဲ့ accident က ဆယ်နှစ်လောက်ရှိပြီဟု ညီက ပြောသွားသည် ။ ထို့အပြင် အခင်းဖြစ်ပွားတဲ့ နေရာကပါ တူညီနေသေးသည် ။ အဖြစ်အပျက်တွေက ဒီလောက်ပဲ တိုက်ဆိုင်ရလား မသိ‌တတ်တော့ပေ.........။
                       ဓာတ်ပုံကလဲ မီးစွဲထားတော့ အမျိုးသားနဲ့ အမျိုးသမီးရဲ့ မျက်နှာနေရာကလွဲပြီး တခြားနေရာများက အပေါက်ကြီးဖြစ်နေလေသည် ။ ဒီ Accident ကိစ္စနဲ့ ဖေဖေနဲ့ ပက်သတ်နေသည်ဆိုတာ သူသေချာသိပါသည် ။ အကယ်၍ အဲ့ဒါက 'သော်' တို့ မိသားစု ဖြစ်နေရင်ရော.........? 'သော်' တို့ရဲ့ Accident ကိစ္စက ဖေဖေနဲ့ သက်ဆိုင်နေမလား..........။

          " မဖြစ်နိုင်ဘူး! ဒီ ဒီမှာက တစ်မိသားစုလုံး ပွဲချင်းပြီး သေသွားတယ်လို့ ရေးထားတာပဲ.......၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ မဖြစ်နိုင်ဘူး! "

                       ခေါင်းထဲရောက်လာတဲ့ အတွေးများကြောင့် ခေါင်းကို အတွင်တွင်ခါယမ်းကာ ငြင်းဆိုလိုက်မိသည် ။ သို့ပေမဲ့.......အကယ်၍ ဆိုတဲ့ စိတ်က 'လှိုင်း' ကို နှိပ်စက်လွန်းနေသည် ။ အဲ့ဒီနေ့ညက ‌ဖုန်းပြောသံကြောင့် Accident ကိစ္စက ဖေဖေ့ ပရောဂ မကင်းဘူးဆိုတာ သူသေချာပေါက်ကို သိပါသည် ။ သို့ပေမဲ့ အဲ့ဒီမိသားစုက 'သော်' တို့ရဲ့ မိသားစုဖြစ်နေခဲ့ရင် သူ ဘယ်လိုလုပ်ရမည်နည်း........။
                       စိတ်ရှုပ်ထွေးလွန်းစွာ ဆံပင်တွေကို သပ်တင်လိုက်ကာ မျက်နှာပြင်ကို လက်ဖြင့် ခပ်ကြမ်းကြမ်း ဆွဲပွတ်လိုက်သည် ။ ကျေးဇူးပြု၍ မိသားစုနှစ်ခု တူညီမနေပါစေနဲ့.......၊ ကမ္ဘာပေါ်က လူတွေ အများကြီး ရှိတဲ့ထဲမှာမှ တိုက်ဆိုင်လွန်းစွာ 'သော်' တို့ဖြစ်မနေပါစေနဲ့........။ ဒီဆုတောင်းလေး တစ်ခုကိုတော့ ဖြည့်ဆည်းပေးပါ ဘုရား......။
                       လက်နှစ်ဖက်ကို တင်းနေအောင် ဆုပ်ကိုင်ရင်း ခေါင်းမော့ကာ ဆုတောင်းလိုက်မိသည် ။ ပြီးမှ သက်ပြင်းခပ်ဖွဖွချကာ ဓာတ်ပုံနဲ့ သတင်းစာကို စားပွဲပေါ်ပစ်တင်ကာ ပြတင်းပေါက်ကို ဆွဲဖွင့်လိုက်သည် ။ ပြတင်းပေါက်ကတစ်ဆင့် ဝင်ရောက်လာတဲ့ လေပြည်အေးကို ခေါင်းမော့ကာ ရှူရှိုက်လိုက်သည် ။ သို့ပေမဲ့ စိတ်ထဲ တင်းကျပ်နေတာတွေကတော့ ပြေပျောက်မသွားပေ ။
                       ပြတင်းပေါက်ဘောင်ကို လက်ထောက်ထားရင်းမှ လမ်းဘက်ကို ဟိုဟိုဒီဒီ ငေးကြည့်နေမိသည် ။ စိတ်ပြေလက်ပျောက် လျှောက်ကြည့်နေရင်းမှ အကြည့်က တစ်ဘက်ခြံဆီရောက်သွားသည် ။ တစ်ဘက်ခြံထဲတွင်တော့ ကားရှေ့ဖုံးကို ဖွင့်ကာ အလုပ်များနေကြတဲ့ 'သော့်' ရဲ့ အဒေါ်တွေဖြစ်တဲ့ တီလှနဲ့ တီမြကို တွေ့ရသည် ။ ကြည့်ရတာ တစ်နေရာသွားမလို့လုပ်နေရင်းမှ ကားပျက်နေလို့ အခက်တွေ့နေကြဟန်တူသည် ။
                       'လှိုင်း' လဲ မနေသာတော့ပဲ အကူအညီပေးရန် အိမ်အောက်ဘက်ကို ဆင်းလိုက်သည် ။ တီလှနဲ့ တီမြက သူတို့ ညီအကိုနှစ်ယောက်အပေါ်မှာ အရမ်းကို နွေးထွေးကြင်နာတဲ့ သူများပင် ဖြစ်ကြသည် ။ အထူးသဖြင့် ညီ့အပေါ်မှာပင်........၊ ငယ်ငယ်ကတည်းက ညီ့ကိုဆို 'သော်' နဲ့ အတူ ပြုစုစောင့်ရှောက်ပေးခဲ့ကြသည် ။ ထို့ကြောင့်လဲ သူ့အနေနဲ့ ညီ့ကို စိတ်ချနေနိုင်ခဲ့တာ ဖြစ်ပေသည် ။ တီလှနဲ့ တီမြက သူတို့အတွက်တော့ မိသားစုဝင်တွေလို မိခင်တွေလိုပါ ခံစားရသူများ ဖြစ်ကြသည် ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now