အပိုင်း (၃၃)

345 16 0
                                    

Unicode

                      တကျီကျီအော်နေတဲ့ ငှက်သံကြောင့် အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်ကာ မျက်လုံးဖွင့်ကြည့်လိုက်သည် ။ မှန်ပြတင်းပေါက်ကနေတစ်ဆင့် မြင်တွေ့ရတဲ့ အလင်းတန်းကြောင့် အချိန်မနည်းတော့ဘူးဆိုတာကို သိလိုက်ရသည် ။ နိုးနိုးချင်း ဘေးနားကို စမ်းကြည့်မိတော့ 'ဆက်' က ရှိမနေ ။
                      'လှိုင်း' လဲ အလျင်မြန်ထကာ မျက်နှာသစ် ၊ သွားတိုက်လုပ်ပြီး အိမ်အောက်ထပ်ကို ဆင်းလာခဲ့သည် ။ အောက်ထပ်တွင်လဲ ဘယ်သူမှ ရှိမနေပဲ တိတ်ဆိတ်နေပြန်သည် ။ ဟိုကြည့် ဒီကြည့်နဲ့ ခြံထဲဆင်းလိုက်မှပဲ ပန်းပင်စိုက်နေတဲ့ ဦးလေးကြီးကို တွေ့ရသည် ။

          " ဪ အကိုလေး နိုးပြီလား "

          " ဟုတ်ကဲ့ ခင်ဗျ "

                       'လှိုင်း' ကိုမြင်တော့ လုပ်လက်စ အလုပ်ကိုရပ်ကာ နှုတ်ဆက်စကားပြောလာတဲ့ ဦးလေးကြီးကို ပြန်နှုတ်ဆက်ရင်း ပြုံးပြလိုက်သည် ။

          " ဒါနဲ့ ဦးလေး ၊ 'ဆက်' နဲ့ 'စည်သူ့' ကိုလဲ မတွေ့ပါလား ဘယ်သွားကြလဲ ဟင် "

          " ကိုစည်နဲ့ 'ဘုန်းမင်း' ကို မေးတာထင်တယ် ၊ ကိုစည်က အကိုလေး ပြန်ဖို့တဲ့အတွက် စီစဉ်နေပါတယ် ၊ 'ဘုန်းမင်း' ကတော့ မမကြီးခိုင်းလိုက်တဲ့ ကိစ္စတစ်ခုကြောင့် အပြင်ခဏသွားပါတယ် "

          " အာ......."

                     ဦးလေးကြီးပြောတာ နားထောင်ပြီးမှ အိမ်မှာ တစ်‌ယောက်မှ မရှိတဲ့ အကြောင်းရင်းကို သိရသည် ။ အိမ်ရှင်တွေ မရှိတဲ့ အိမ်မှာ နေရတာ နည်းနည်းတော့ တစ်မျိုးဖြစ်လှပါသည် ။

          " ဟုတ်ကဲ့ ၊ အဲ့ဒါဆို အကိုလေး ဘာများပြောချင်သေးလဲ ခင်ဗျ "

          " ဪ ရပါပြီ ၊ ဦးလေး လုပ်စရာရှိတာပဲ ဆက်လုပ်ပါ "

          " ဟုတ်ကဲ့ ၊ အဲ့ဒါဆို ခွင့်ပြုပါဦး "

                     ခေါင်းငုံ့ကာ ပြောလာတဲ့ ဦးလေးကြီးကို အားတုံ့အားနာဖြစ်ကာ ခေါင်းငြိမ့်ပြလိုက်မှ ဦးလေးက သူ့ရှေ့ကနေ ထွက်သွားလေသည် ။ အလုပ်ရှုပ်နေတဲ့သူကို 'လှိုင်း' က ထပ်ပြီး သွားရှုပ်သလို ဖြစ်နေသည်ပင်.........။
                     ဦးလေးကြီးထွက်သွားတော့မှ 'လှိုင်း' လဲ ခပ်လှမ်းလှမ်းက ခုံတန်းလေးဆီ လျှောက်ကာ ထိုင်လိုက်သည် ။ 'ဆက်' ရဲ့ အဘွားက ပန်းပင်တွေကို ကြိုက်နှစ်သက်သည်ထင် ၊ ခြံတစ်ခြံလုံး ပန်းပင်မျိုးစုံများ ၊ ခပ်စိမ်းစိမ်းသစ်ပင်များနဲ့သာ ပြည့်နေသည် ။ နိုင်ငံခြားကနေ တကူးတကမှာပြီး စိုက်ထားတဲ့ ရောင်စုံသစ်ခွပင်‌တွေတောင် ရှိနေသေးသည် ။
                     ခြံထဲမှာ ပန်းပင်တွေချည်းရှိနေတာ အတော်ကောင်းသည် ။ မျက်စိလဲ အေးသလို စိတ်ကိုလဲ အေးချမ်းစေသည် ။ ဒါ့အပြင် သစ်ပင်ရှိတော့ ငှက်တွေပါ လာနားကြပြီး သာယာလှသည် ။ တခြား ကျေးလက်တွေမှာတော့ သဘာဝတရားစစ်စစ်ကို တွေ့မြင်နိုင်ပြီး မြို့ပြတွေမှာတော့ သဘာဝတရားကို ကိုယ်တိုင်ဖန်တီးယူထားရခြင်းဖြစ်သည် ။ သို့ပေမဲ့ သစ်ပင်ပန်းပင်ရှိတဲ့နေရာက အေးချမ်းသာယာတဲ့ နေရာဖြစ်ပြီး သစ်ပင်ပန်းပင်ကို ချစ်မြတ်နိုးတဲ့ သူတွေက စိတ်သဘောထား နူးညံ့သိမ်မွေ့တဲ့ သူတွေပဲဖြစ်တယ်ဆိုတာကတော့ အမှန်တရားပါပင် ။

တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)Where stories live. Discover now