Unicode
" ကဲ အားလုံး အားလုံး........ဒီမှာ အဝတ်အစား တစ်ယောက်တစ်စုံဆီယူပြီး လဲပေးကြပါ........"
လက်ခုပ်တစ်ဖြောင်းဖြောင်းတီးကာ အော်ပြောနေတဲ့ စီနီယာ့အသံကြောင့် အကုန်လုံးက ရှေ့မှာချထားတဲ့ အဝတ်အစားအိတ်တွေကို လာယူကြသည် ။ 'နှိုင်း' လဲ သူ့အတွက်တစ်စုံနဲ့ 'သော့်' အတွက် တစ်စုံယူပြီး နေရာကို ပြန်လာခဲ့သည် ။
" ရော့ 'သော်' ၊ မင်း ဒီဘက်မှာ လဲလိုက် ၊ ငါ ဟိုဘက်မှာ လဲလိုက်မယ် "
" အင်း "
ကမ်းပေးတဲ့ အဝတ်အစားထုပ်ကိုယူကာ အခန်းထဲဝင်သွားတဲ့ 'သော့်' ကို ကြည့်ရင်း 'နှိုင်း' လဲ ဘေးက အခန်းထဲ ဝင်လာခဲ့သည် ။ အဝတ်အစားလဲဖို့အတွက် နံရံကိုကပ်ကာ အဝတ်အစားရောင်းတဲ့ ဆိုင်တွေမှာလို လိုက်ကာ ကာထားခြင်းဖြစ်သောကြောင့် တစ်ယောက်ချင်းစီသာ ဝင်လို့ရသည် ။
အင်္ကျီက အပြာနဲ့ အဖြူရောင်ကို စပ်ထားတဲ့ ဆင်တူအင်္ကျီများ ဖြစ်သည် ။ ထူပြီး နွေးပေမဲ့ ပေါ့ပေါ့ပါးပါးနဲ့ ဝတ်ရတာတော့ အဆင်ပြေလှသည် ။ အင်္ကျီကို ခပ်မြန်မြန်လဲကာ လိုက်ကာထဲကနေ ထွက်လိုက်တော့ 'သော်' က သူ့ထက်အရင်ပြီးကာ ရှေ့မှာ စောင့်နေလေသည် ။" 'သော်'! ပြီးသွားပြီလား........"
" အင်းး ၊ ဒါပေမဲ့ အင်္ကျီက ငါနဲ့ နည်းနည်းကြီးနေသလိုပဲ........."
" ဟမ်! ခွိ! "
ရှည်ထွက်နေတဲ့ အင်္ကျီလက်ကို ထောင်ပြကာ ခပ်မဲ့မဲ့ပြောလာတဲ့ 'သော့်' ကိုကြည့်ရင်း တခွိခွိနဲ့ ရယ်နေမိသည် ။ အင်္ကျီလက်ရဲ့ တစ်ထွာလောက်က ရှည်ကျနေပြီး 'သော့်' လက်ကိုတောင် မမြင်ရတော့ပေ........၊ အောက်တွင်လည်း ဘောင်းဘီက ပုံကျနေသေးသည် ။ ခပ်ဖားဖားဖြစ်နေတဲ့ အင်္ကျီကြီးမှာ 'သော့်' ရဲ့ ခန္ဓာကိုယ်ဟာ နစ်မြုပ်ဝင်နေလေသည် ။
" အဲ့ဒါက နည်းနည်းကြီးတာမှ မဟုတ်တာ 'သော်' ရ ၊ ကြည့်ပါဦးကွာ 'သော်' ဘာလို့ အဲ့လောက်သေးကွေးနေရတာလဲ........"
ပွနဲ့အင်္ကျီကို လက်နဲ့ အသာကိုင်ကာ ပြောလိုက်တော့ 'သော်' က ခပ်စူစူလေးပြန်ကြည့်လာသည် ။ အင်္ကျီက ကျောင်းက Sponsor ပေးတာဖြစ်လို့ Oversize တွေကလွဲ၍ တခြား သေးတဲ့ Size က ရှိမည်မဟုတ်ပေ.......။ 'နှိုင်း' ဝတ်ထားတာကတော့ ကျောင်းအင်္ကျီလို့ မထင်ရအောင်ကို Smart ကျနေပေမဲ့ 'သော့်' အတွက်ကတော့ စောင်တစ်ထည်ခြုံထားတဲ့ အလားပင်.........။

YOU ARE READING
တိမ်စိုင်ဖုံးတဲ့ ကြိုးမဲ့လေတံခွန် (Z & U ) (Complete)
RomantizmZawgyi မြတ်နိုးခြင်းတွေနဲ့ ပုံဖော်ထားတဲ့ လေတံခွန်လေးက ငါ.... မျှော်လင့်ချက်အပိုင်းအစတွေနဲ့ မင်းရဲ့ ရစ်ဘီးကြိုးလေး ချည်နှောင်လို့ ငါ့ကိုထိန်းချုပ်ပါ.... မျက်ဝန်းပြာတွေ အရောင်လဲ့နေသ၍ လေဘယ်လောက်ထန်ထန် ငါဟာ အလှဆုံး ပျံဝဲနေမှာ....💫 Unicode မြတ်နိုးခြင်း...