အမှန်တရားရဲ့သဲလွန်စ/အမွန္တရားရဲ႕သဲလြန္စ

699 129 26
                                    

(Uni) ပြောပြောဆိုဆိုနှင့် အမေဖြစ်သူဆီကို ဟာလေ ဖွင့်ပြောဖို့ ကြံရွယ်လာတော့ စိုးရိမ်စိတ်အပြည့်ဖြင့် အက်ဆစ် သူ့လက်ကို လှမ်းဆွဲတားထားလိုက်မိသည်။ တကယ်တော့ အက်ဆစ် စိတ်ထင့်သွားခဲ့သည်က အမေ့ရှေ့မှာ သူ့ကို ဖွင့်ပြောစေချင်လို့မှ မဟုတ်ပဲ။

*** ကြောက်မိသွားခဲ့လို့ပါ။ ခင်ဗျား ကျွန်တော့်ကို လိမ်ညာပြီး ပစ်ချထားခဲ့မှာ ကြောက်ခဲ့မိလို့ပါ။ လိမ်ညာခြင်းရဲ့နောက်မှာ အတုအယောင်ဆိုတာ ကပ်ပါလာတတ်တာမို့ ခင်ဗျား ကျွန်တော့်ကို တကယ်မချစ်မှာ ကြောက်မိသွားရုံသပ်သပ်ပါ ဟာလေစံရယ် ***

လက်ကိုဆွဲကာ တိုက်နှစ်ခုကြားထဲက နံရံထောင့်မှာ တွန်းကပ်ပစ်လိုက်တော့ ဟာလေတစ်ယောက် မျက်ရည်ဝိုင်းလည်နှင့် သူ့ကိုစိုက်ကြည့်မိသွားခဲ့သည်။

" ဒီလိုတွေလုပ်ဖို့ မလိုအပ်ပါဘူး "

တိုရှင်းလွန်းတဲ့အက်ဆစ်ရဲ့စကားတွေက သွားလာလှုပ်ရှားနေကြတဲ့ပတ်ဝန်းကျင်ရဲ့အဝေးဆုံးမှာ ရောက်ရှိသွားသလို ခံစားလိုက်ရတဲ့အခိုက်အတန့်နှင့်အတူ သူ့ပါးပြင်က မျက်ရည်စတွေကို သုတ်ပေးလာခဲ့တဲ့အက်ဆစ်ရဲ့အထိအတွေ့တွေက တကယ်လား အိပ်မက်လား ဟာလေ မတွေးတတ်ခဲ့တော့။ နာကျင်ခြင်းနှင့်အတူ စည်းချက်မကျလှတဲ့ရင်ခုန်ခြင်းတွေက ဟာလေကို အသက်ရှူနှုန်းတွေပါ မြန်ဆန်လာစေခဲ့သည်။

ဘာကြောင့်လဲဆိုတော့ အက်ဆစ်ရဲ့မျက်ဝန်းထဲမှာ သူ့ကို နက်နက်ရှိုင်းရှိုင်းချစ်မိနေတဲ့အငွေ့အသက်တွေ ပြည့်နှက်နေတာကို မြင်နေရ၍ဖြစ်၏။

" ဒီနှစ် ဆန်ဖရန်စစ္စကိုမှာ နှင်းမုန်တိုင်းမတိုက်ပဲ ရေကြီးတော့မယ်ထင်ပါရဲ့။ ခင်ဗျားမျက်ရည်တွေ မကုန်နိုင်သေးဘူးလား ဟာလေစံ "

" မင်းငါ့ကို ခွင့်မလွှတ်ဘူးဆိုရင်တော့ တကယ်ရေကြီးတော့မယ်ထင်တယ် "

" ဟင့်အင်း။ ခွင့်မလွှတ်ပါဘူး။ အဲ့ဒီအတွက် ခင်ဗျားက ကျုပ်ကို အမြဲပေးဆပ်နေရမယ် ခင်ဗျားရဲ့အသက်ကိုရော ခင်ဗျားရဲ့ခန္ဓာကိုရော "

" ထပ်ပြီးတော့ရော ဘာလိုချင်သေးလဲ "

ခြိမ်းခြောက်စကားဆိုလိုက်သော်လည်း ကျင့်သားရနေပြီဖြစ်တဲ့ဟာလေက မချိုမချဉ်ပြုံးပြလာပြီး သူ့ရဲ့ဂုတ်ပိုးပေါ်သို့ ရဲတင်းစွာဖြင့် လက်နှစ်ဖက် ပစ်တင်လာခဲ့သည်။ ဒါ့အပြင် သူပေးထားတဲ့လက်စွပ်ကို လက်မှာ မစွပ်ထားသော်လည်း လည်ပင်းမှာ အနက်ရောင်ကြိုးတစ်ကုံးနှင့်ချိတ်ဆွဲဝတ်ဆင်ထားသည်ကို ဟနေတဲ့အင်္ကိျီကော်လံကြားကနေ မြင်လိုက်ရ၍ ဟာလေ့ အပြုံးတွေ ပိုပြီးတောက်ပလာခဲ့ရသည်။

Hard Murder 2Where stories live. Discover now