ဖမ်းဆုပ်ခြင်းများ/ဖမ်းဆုပ်ခြင်းများ

255 38 13
                                    

(Uni) ဒုတ် ဒုတ် ဒုတ် ... ဒုတ် ဒုတ် ဒုတ်

ဗလာကျင်းဖြစ်နေတဲ့စိတ်တစ်ခုထဲသို့ ညှင်သာစွာတိုး၀င်လာသည့် စီးချက်ကျကျခုတ်မောင်းသံဟာ ပကတိမေ့လျော့နေသောလူတစ်ယောက်အတွက် အချက်ပြနှိုးဆော်သံကဲ့သို့ရှိနေခဲ့၏။ ဝေးသွားလိုက် နီးလာလိုက်ဖြစ်နေသောထိုအသံကြောင့် မှိတ်ထားသောမျက်ခွံတို့ဟာ လှုပ်လှုပ်ယဲ့ယဲ့ ။

°°° ငါ ဘာဖြစ်သွားတာလဲ ငါ ဘယ်များရောက်နေတာလဲ °°°

တွေးစမရတော့တဲ့မေးခွန်းတွေရဲ့နောက်ကို တဝဲလည်လည် သူလိုက်မိပြန်တော့ ... ရထားသံများနှင့်ဆူညံ‌‌နေသောဘူတာရုံတစ်ခုဆီ သူရောက်သွားပြီး လူတစ်ယောက်နှင့် တွေ့ဆုံမိခဲ့ရသည်။

" သခင် "

ထိုလူဟာ သူ့ကိုကျောပေးရပ်ထားပါလျှက်နှင့် မည်သူဆိုတာ တပ်အပ်သိလိုက်သလို ထိုလူ့ဆီသို့ သူ့ခြေလှမ်းတွေကို အရောက်နှင်လိုက်မိ၏။

" သခင် သခင် ဘယ်သွားမလို့လဲ "

သို့သော် ထိုလူက သူ့ရဲ့အမေးကို မဖြေပါပဲ ရွေ့လျားနေတဲ့ရထားတွဲတွေရှိတဲ့ဆီသို့ တစိုက်မတ်မတ်လျှောက်နေခဲ့တော့ သူ့မှာ ထိုလူနှင့်ဝေးကွာရမှာဆိုးတဲ့စိတ်နဲ့ အမောတကောဖြစ်လာခဲ့လေသည်။ ဘယ်ကမှန်းမသိတဲ့မြူတွေရဲ့နှောင့်ယှက်မှုကြောင့် ထိုနောက်ကျောဟာလည်း မှိန်ယဲ့ယဲ့ဖြစ်လာတာမို့ သူအတင်းပြေးလိုက်ပေမယ့် -

" သခင် မသွားပါနဲ့ သခင် "

နောက်ဆုံးမှာ သူလှမ်းဆွဲချိန်တောင် မမှီလိုက်ပဲ ထိုလူဟာ ရထားသံလမ်းပေါ် ခုန်ချသွားခဲ့ပြီး ဖြုတ်ခနဲဆိုသလို အရှိန်နှင့်ရောက်လာတဲ့ရထားခေါင်းတွဲရဲ့ ကြိတ်နင်းချေမှုကို ခံလိုက်ရတဲ့အခါ ....

ဒုတ်ဒုတ်ဒုတ် တီ !! ဒုန်း
သခင်!!!!!!

အစအနတောင် ရှာဖို့ခက်ခဲသွားလောက်အောင် ရုပ်ပျက်လှတဲ့မြင်ကွင်းကြောင့် သူ့ရင်ထဲ ထိတ်လန့်ပြာယာဖြစ်ကာ ထိုလူ့ကို စို့နင့်တကြီးအော်ဟစ်ခေါ်နေလိုက်မိ၏ ။ ။ ။

" သခင် ... သခင် ... "

ရင်ထဲမှာလည်း ၀မ်းနည်းပူဆွေးလာတာမို့ ထိုလူ့ကို တသသရေရွတ်နေမိပေမယ့် ရုတ်တရက် သူ့အမြင်လွှာတွေဆီသို့ ရှင်းလင်းကျယ်ပြန့်တဲ့မျက်နှာကျက်တစ်ခုက တိုး၀င်လာခဲ့လေသည်။

Hard Murder 2Where stories live. Discover now