မျက်ဝန်းထဲက ရှုထောင့်/ မ်က္ဝန္းထဲက ရႈေထာင့္

538 121 16
                                    

(Unicode) ကျဆင်းနေသည့်နှင်းဖွဲတွေကပဲ ရက်စက်လေသလား. . ။ ယူရှရီဆိုတဲ့ မိန်းမတစ်ယောက်ကပဲ အသည်းနှလုံးမရှိလေသလား . . ။
ခဏတာ တိတ်ဆိတ်ငြိမ်ကျသွားတဲ့ ဆိုင်ခန်းလေးထဲမှာ သူ့ရဲ့စကားတစ်ခွန်းက ဟာလေကို အသည်းခိုက်မတတ် နာကျင်သွားစေခဲ့သည်။

" သား. . အမေ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ဘူး။ သားကို မာဂရက်နဲ့ ပေးစားဖို့အထိ ဆုံးဖြတ်ချက်ချပြီးသွားပြီမို့ မိုက်ရူးရဲဆန်တဲ့အလုပ်တွေ ဆက်မလုပ်နဲ့တော့။ သူ့ကို ဒီကနေ နှင်ထုတ်လိုက်တော့ "

" အမေ . . အမေ သားကို အရုပ်လို့ အောက်မေ့နေတာလား? သားမှာ နှလုံးသားနဲ့ပါ။ အမေ့စိတ်သဘောအလိုကျ ဖြစ်စေချင်ရင်လည်း အစကတည်းက သားကို နှလုံးသားနဲ့ မမွေးခဲ့ပါနဲ့လား။ သား သူ့ကို ချစ်တယ်။ သားသူ့ကို အရမ်းချစ် "

" တိတ်စမ်း. . "

ဖြန်း. . .

မျက်ရည်မျက်ခွက်နှင့် အသနားခံနေမိတာတောင် ယူရှရီဟာ ခေါင်းမာစွာဖြင့် သူ့ပါးကို ရိုက်ချပစ်လိုက်၍ ဟာလေ့ရင်ထဲ မီးစထိုးစိုက်လိုက်သကဲ့သို့ ပူလောင်နာကျင်သွားခဲ့ရတော့သည်။ တစ်ဖက်သို့ စောင်းလျှက်သား ဖြစ်သွားတဲ့မျက်နှာကိုလည်း ပြန်တည့်နိုင်စွမ်းမရှိတော့ပဲ ထိုနေရာမှာ သူ ဝမ်းနည်းလွန်း၍ ကြောင်အမ်းအမ်းဖြစ်သွားမိခဲ့သည်။

" ခင်ဗျား သူ့ကို မထိနဲ့ "

အက်ဆစ်မှာလည်း အတော်စိတ်ထိန်းထားပေမယ့် ဟာလေ့ကို အခုလိုဆုံးမသည်အား မခံနိုင်၍ မာန်ပါပါနှင့် အဝေးသို့ တွန်းထုတ်ပစ်လိုက်မိရာ. . ယူရှရီမှာ ကြမ်းပြင်ပေါ်သို့ ဖင်ထိုင်လျှက် ဆောင့်လဲကျသွားခဲ့ရလေသည်။

. . အမယ်လေး. . အ . .

" အမေ. . ။ အက်ဆစ် လူကြီးကို မင်းဘယ်လိုလုပ်လိုက်တာလဲ? "

ရုတ်တရက်ဆိုတော့ သူ့လုပ်ရက်ကို ဟာလေ အရမ်းထိတ်လန့်သွားပြီး အက်ဆစ်ကို အော်ငေါက်မိကာ ယူရှရီအား ပြေးထူလိုက်မိသည်။ ယူရှရီမှာ အသက်ကြီးပြီမို့ ထိလွယ်ခိုက်လွယ်တဲ့အတွက် အက်ဆစ်ရဲ့လုပ်ရက်ကြောင့် ခါးနာသွားကာ ပြန်မထနိုင်ဖြစ်သွားရလေသည်။

Hard Murder 2Where stories live. Discover now