(Uni) ခရစ်တန်ရဲ့အပြင်ပန်းသဏ္ဍာန်ကို ကြည့်ပြီး စမိုင်း အငြှိုးထားနေမိပေမယ့် ခရစ်တန်မှာတော့ သူ့စိတ်နှင့် အမြဲဝမ်းနည်းကြေကွဲနေခဲ့ရပါသည်။ မိသားစုကို ဆိပ်ကမ်းမြို့ဆီ အလည်အပတ်လိုက်ပို့မယ်ဟု လိမ်ညာကာ သူ့အတွက် တရားမျှတမှုရဖို့ စုံစမ်းထောက်လှမ်းနေခဲ့သည်ကို သူမသိ။
သေသွားပြီလို့ သတင်းရထားခဲ့ပေမယ့် လက်မခံနိုင်သေးပဲ မြင်သမျှတွေ့သမျှပုံရိပ်တိုင်းကို သူများလားဟု လိုက်ပတ်ရှာနေခဲ့သည်ကို သူမသိ။
ထူးထူးခြားခြား ဆံဝါပိုင်ရှင်ကောင်လေးတွေကို တွေ့ရင် ခရစ်တန်ရဲ့ရင်ထဲ သူ့ကိုသတိရမိတဲ့စိတ်တွေနှင့်အတူ ဝမ်းနည်းစို့နစ်နေမိတာကိုလည်း သူ မသိပေ။
*** မင်းနဲ့တူလိုက်တာ မာ့ခ်ရယ်. . အဲ့ဒီကောင်လေးကလေ မင်းနဲ့သိပ်တူတာပဲ။ ခန္ဓာကိုယ်အချိုးအစားရော . . ဝါဖျော့ဖျော့ဆံပင်လေးတွေကရော . . ဒါပေမယ့် မျက်နှာကိုတော့ မမြင်လိုက်ရဘူး သူက ထူးထူးဆန်းဆန်းမျက်နှာဖုံးနဲ့မို့ ***
ဆိုင်ထဲကနေ စမိုင်း သူ့ကိုမြင်ခဲ့သလို ခရစ်တန်လည်း တစ်ဖက်သို့ မျက်နှာလွှဲသွားတဲ့ထိုကောင်လေးကို မြင်တွေ့ခဲ့ပါသည်။ သားလေးနှင့်မို့ သတိမထားနိုင်ခဲ့သော်လည်း ရင်ထဲမှာ မာ့ခ်ကို သတိရမိတဲ့စိတ်က ထိန်ကျန်နေခဲ့ပါ၏။
" ဖေဖေ ဖေဖေ သားလည်း အဲ့ဒီအကိုကြီးလို မျက်နှာဖုံးလေး တပ်ချင်တယ်။ သားကို ဝယ်ပေးပါလားဟင် "
စမိုင်းရဲ့မျက်နှာဖုံးကို သဘောကျနေမိတဲ့ ဒယ်ရင်လေးကတော့ ခရစ်တန်ရဲ့ပေါင်ပေါ်မှာ ထိုင်ရင်း မျက်နှာဖုံးကိုသာ တဖွဖွ ပူဆာနေခဲ့သည်။ ခရစ်တန်နှင့်ထပ်တူ နီညိုရောင်ဆံပင်လေးတွေကို ပိုင်ဆိုင်ထားတဲ့ ဒယ်ရင်ဟာ ပြည့်ထွားလှတဲ့ကလေးငယ်လေးတစ်ဦးဖြစ်ပြီး သူပြုံးလိုက်တိုင်း မို့တက်လာတဲ့ပါးလေးနှစ်ဖက်က မျက်လုံးလေးများကို မှေးဝင်သွားသည်အထိပင်။
ဒီလိုချစ်စရာကောင်းတဲ့ကလေးလေးကို ပိုင်ဆိုင်ထားတဲ့ခရစ်တန်မှာလည်း သူ့သားလေးကို ချစ်ရလွန်းလို့ ပူဆာသမျှ ပေးနေခဲ့မိပြန်ပါသည်။
ဟာလေကို ရှာမတွေ့တဲ့အဆုံး ဇာတိမြို့ကို ပြန်ဖို့ ဆုံးဖြတ်ထားတဲ့ခရစ်တန်တစ်ယောက် ဒယ်ရင် စိတ်တိုင်းကျ လျှောက်လည်ဖို့အတွက် နှစ်ရက်လောက် နောက်ဆုတ်ပေးခဲ့ရသည်။ ဒယ်ရင်ရဲ့နာမည်အပြည့်အစုံဟာ ဒယ်ရစ်တန်ဖြစ်ပြီး အိမ်နာမည်ကို ဒယ်ရင်ဟု ပေးထားခြင်းဖြစ်သည်။ ဒယ်ရင်လေးကို ဇနီးဖြစ်သူ အီမာက သူထောင်ကျနေတဲ့ကာလအတွင်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး ပထမဆုံးသားဦးလေးမို့ အကဲပိုအောင်ပင် ချစ်ကြရပါသည်။
YOU ARE READING
Hard Murder 2
Детектив / Триллер(Uni)စိတ္တဇလူသတ်သမားတစ်ဦးနှင့်ချစ်ကြိုက်မိခြင်း ဤFictionသည် Psycho 18+အမျိုးအစားဖြစ်၍ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများနှင့် နှလုံးအခံရှိသူများ ဖတ်ရန် မသင့်လျော်ပါ။ စာရေးသူ ကိုယ်ပိုင်ဖန်တီးထားသော မူပိုင်ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထ...
