Ep 1 [ Zawgyi ]

8.5K 91 2
                                    

ဆူညံနေသော တီးလုံးသံတွေနဲ့ အလိုက် ကလပ်ထဲမှာကခုန်နေကြတဲ့ လူတွေကိုကြည့်ရင်း သျှင်း လက်ထဲက ခွက်ကိုမော့ချလိုက်သည်။ ဒီကလပ်က တခြားကလပ်တွေနဲ့မတူပဲ အလွှာတွေ ခွဲထားသည်။ အောက်ဆုံးထပ်ကတော့ သူတို့လို ပိုက်ဆံသိပ်မတတ်နိုင်တဲ့သူတွေအတွက်။ ဒုတိယထပ်ကတော့ အောက်ဆုံးထပ်ထက် သုံးဆဈေးကြီးသည်။ ကောင်းထက် ခေါ်လို့ သျှင်းကတော့ သုံးခါ​လောက် ​ရောက်ဖူးသည်။ အပြင်အဆင်တွေက အောက်ထပ်နဲ့ လားလားမှမဆိုင်။ လူချမ်းသာတွေ ဇိမ်ခံတယ်ဆိုတာ ဒီလိုမျိုးကိုး ဆိုပြီး တွေးမိတဲ့အထိ။

အပေါ်ဆုံး VVIP အထပ်ကတော့ ဈေးကခေါင်ခိုက်နေတာမလို့ နေနိုင်တဲ့လူရှားသည်။ သျှင်းလည်း တခါမှမရောက်ဖူးသလို ကောင်းထက်တောင် တစ်ခါပဲ ရောက်ဖူးသည် ဟုပြောဖူးသည်။ ဒုတိယထပ်လိုနေရာက နတ်ပြည်ဆိုရင် VIP အထပ်ကတော့ နိဗ္ဗာန်လို့ တင်စားရမည်လားဟု တွေးနေမိသည်။

'' သျှင်း ငါရောက်ပြီ ''

ကောင်းထက်က သျှင်းပုခုံးကို လက်နဲ့သိုင်းဖက်ကာ ဘေးနားဝင်ထိုင်သည်။ အရက်၊ ဘီယာ၊ ကော့တေး ၊ ဝိုင် စသည်ဖြင့် အဖျော်ယမကာ မျိုးစုံထည့်ထားသည့် ဗန်းလေးတွေကို ကိုင်ရင်း လျှောက်သွားနေသည့် waiter လေးတစ်ယောက်က ကောင်းထက်ရှေ့ကို ကော့တေးတခွက် လာချပေးရင်း မျက်စိတဖက်မှိတ်ပြသွားသည်။

သျှင်း မျက်ခုံးပင့်လိုက်ပြီး ဘေးနားက ကောင်းထက်ကိုစလိုက်သည်။

'' ကောင်းထက်တို့ စွံနေပါလား ''

'' အဟက် မစွံရပါဘူးကွာ အဲ့ကောင်လေးတွေက အဲ့လိုပဲဆိုတာ မင်းသိရဲ့သားနဲ့ ''

ကောင်းထက်စကားကို သျှင်း ပြုံးပြုံးလေးနဲ့ ငြိမ်နေလိုက်သည်။ ထို့နောက် ခုနက သောက်လက်စ ကော့တေးကို ထပ်သောက်လိုက်သည်။

ကောင်းထက်ကတော့ သူပြောတဲ့ စကားကို ပြုံးပြုံးလေး လုပ်ပြီး ကော့တေးခွက်ကို မော့ချလိုက်တဲ့ သျှင်းစက် ကိုငေးခနဲ ကြည့်မိသွားသည်။ ကာယကံရှင် ကတော့ သတိထားမိမလားမသိပေမဲ့ ကလပ်ထဲက ကောင်တွေက သျှင်းစက်ကို ငေးကြည့်နေကြတာများ စားမတတ် ဝါးမတတ်။ အဲ့ဒါကြောင့် သူဝင်ထိုင်လိုက်တုန်းက သျှင်းစက် ပုခုံးကိုပါဖက်ပြီး ဝင်ထိုင်လိုက်တာ ဖြစ်သည်။

Force of LovityWhere stories live. Discover now