EXTRA - 7 [ Unicode ]

3.2K 243 26
                                    

'' ကိုကိုကြီး! ''

Duty coat အဖြူလေးတွေဝတ်ထားပြီး ပြေးထွက်လာတဲ့ ညီမနှစ်ယောက်ကိုမြင်တော့ သျှင်းပြုံးလိုက်သည်။ အသက်တွေသာကြီးလာတယ်၊ အခုထိ ငယ်ရုပ်မပျောက်သေးတဲ့ ညီမနှစ်ယောက်ကြောင့် သျှင်းမျက်စိထဲမှာ ကလေးလေးတွေလို့ပဲ မြင်နေမိတုန်း။

လက်ထဲက မုန့်ထုပ်ကြီးကို ကမ်းပေးလိုက်တော့ ပြုံးဖြီးသွားကြတဲ့ ဆရာဝန်မလေးနှစ်ယောက်ကြောင့် တစ်ဖန်ပြုံးရပြန်၏ ။

'' အမေက ဒီရက်ပိုင်း သူ့သမီးလေးတွေ သိပ်မလန်းဘူးလို့ပြောနေလို့ ကိုကိုကြီးက အားလာဖြည့်ပေးတာ ''

'' ဟီးဟီး မေမေကစိတ်ပူလွန်နေတာပါ ကိုကိုကြီးရဲ့၊ ဘာပဲဖြစ်ဖြစ် ကောင်းကောင်းစားပါ့မယ်နော် ''

'' ဟုတ်ပါပြီဗျာ ၊ အလုပ်ကရော ဘယ်လိုလဲ အဆင်ပြေရဲ့လား ''

'' ဟူး ပြေတော့ပြေပါတယ် ၊ ဒါပေမဲ့လေ အလင်းတို့ဌာနမှူးက တော်တော်အပေါက်ဆိုးတာ သိလား ''

'' ဟဲ့ တိုးတိုးပြောစမ်းပါ ၊ ကြားသွားဦးမယ် ''

'' နင်ကလည်း အဝေးကြီးပါဟ၊ စိုးရိမ်လွန်ရန်ကော ''

'' ဘာပဲဖြစ်ဖြစ်လေ နံရံတွေမှာ နားတွေရှိတယ်ဆိုတဲ့စကားကို နင်မကြားဖူးဘူးလား ''

မျက်စိရှေ့မှာ စကားနိုင်လုနေကြတဲ့နှစ်ယောက်ကိုကြည့်ရင်း သျှင်းခေါင်းခါကာ ရယ်လိုက်မိသည်။ ဆေးရုံဝင်းထဲမှာရှိတဲ့ ခုံတန်းလေးမှာထိုင်ရင်း သျှင်းကိုအလည်မှာထားကာ တစ်ဖက်တစ်ချက်စီ စကားလုပြောနေကြခြင်းဖြစ်သည်။

'' ကဲပါ ၊ တော်ကြပါတော့။ အနှင်းပြောတာလည်းဟုတ်တယ်လေ အလင်းရဲ့။ဟိုက မတော်တဆပြန်ကြားသွားရင် ဘယ်ကောင်းပါ့မလဲ။ ပြီးတော့ ဆူတယ်ဆိုတာ အနှင်းတို့ အလင်းတို့ ပိုပြီးနားလည်အောင်ရှင်းပြပေးတာပဲမလို့ ညီမလေးတို့ကပဲ သည်းခံပြီး နားလည်ပေးလိုက်နော်၊ ကိုယ့်ကိုသင်ပေးနေတာဆိုတော့ ကိုယ့်ဆရာပဲပေါ့ ''

'' ဟုတ်ကဲ့ပါ ကိုကိုကြီး ၊ အဲ! ''

အလင်းရဲ့ အလန့်တကြား အာမေဋိတ်အသံနဲ့အတူ ခပ်လှမ်းလှမ်းမှာ သျှင်းတို့ဘက်ကို လှမ်းကြည့်နေတဲ့ ဆရာဝန်တစ်ယောက်ကိုမြင်လိုက်ရသည်။ ထိုလူက တဖြည်းဖြည်း သျှင်းတို့ဆီလျှောက်လာကာ အနီးကပ်မြင်ရချိန်မှာတော့ ကမ္ဘာကြီးက အတော်လေးကျဉ်းတယ်ဆိုတဲ့ အဆိုကို သျှင်းလက်ခံမိသွား၏ ။

Force of LovityWhere stories live. Discover now